Tuesday, May 3, 2016
စေတသိက်ပိုင်း
" စေတသိက်ပိုင်း ဘာသာဋီကာ "
#ဧကုပ္ပါဒနိရောဓာ စ,ဧကလမ္ဗနဝတ္ထုကာ
စေတောယုတ္တာ ဒွိပညာသ, ဓမ္မာစေတသိကာ မတာ။
အနုသန္ဓေကျမ်းတက်။ ။ "စိတ္တံ စေတသိကံ
ရူပံ နိဗ္ဗာန မိတိ" ဟု ခေါင်းစဉ်ရှိခဲ့သည့် အတိုင်း စိတ္တံဟူသော ဥဒ္ဒေသ၏ နိဒ္ဒေသ ကို ပြပြီး၍ ယခုအခါ စေတသိကံ ဟူသော ဥဒ္ဒေသ ၏ နိဒ္ဒေသ ကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါ ဆရာ သည် "ဧကုပ္ပါဒနိရောဓာ စ " စသော ဂါထာ ကို မိန့်တော်မူသည် ။ ဤဂါထာ၌ "ဧကုပ္ပါဒနိရောဓာ စ,ဧကာလမ္ဗနဝတ္ထုကာ" ဖြင့် သမ္ပယောဂ လက္ခဏာ လေးပါး ကိုပြ၏။ "စေတောယုတ္တာ"ပါဌ်ဖြင့် စေတသိက်အားလုံး၏
အချုပ်သဘောကို ပြ၏။ "စိတ်နှင့် ယှဉ်သော သဘောတရားစုကို စေတသိက် ခေါ်သည်" ဟူလို ။ "ဒွပညာသ" ဖြင့် စေတသိက်တို့၏ သင်္ချာကို ပြ၏။ [ပရမတ္ထ ဒီပနီ၌ စေတောယုတ္တာ ဖြင့် "စေတသိယုတ္တာ(စေတသာ ဝါ ယုတ္တာ ) စေတသိကာ " ဟူသော ဝစနတ္ထ ကို ပြ၏။ ဒွိပညာသ ဓမ္မာ ဖြင့် သရုပ်ကို ပြသည် ဆို၏ ။ ဆင်ခြင်ပါ။.]
ဧကုပ္ပါဒနိရောဓာစ။ ။ "ဧကော သမာနော+ဥပ္ပါဒေါ ဧတေသံတိ ဧကုပ္ပါဒါ, သမာနပစ္စယေဟိ သဟုပ္ပတ္တိကာတိ အတ္ထော" ဟူသော
ဝေဒနာ တိတ် အဖွင့် မူလဋီကာနှင့်အညီ , အတူဖြစ်ကြသော စိတ်စေတသိက် တို့၌ (စိတ်မှာလည်း စိတ်၏ ဥပါဒ် ,ဖဿ မှာလည်း ဖဿ ၏ ဥပါဒ် စသည်ဖြင့်) ကိုယ့်ဥပါဒ် နှင့် ကိုယ် ရှိ၏။.ထို့ကြောင့် ဧက သဒ္ဒါ အတွက်
သမာန အနက်ကို ယူပါ။ [ဧတေသံ- ဤတရားတို့၏၊ ဧကော သမာနော- တူသော၊ ဥပ္ပါဒေါ - ဥပါဒ်သည် ၊ အတ္ထိ- ရှိ၏ ၊
ဣတိ - ကြောင့်၊ ဧကုပ္ပါဒ- ဧကုပ္ပါဒ တို့ မည်၏၊ သမာန ပစ္စယေဟိ- တူမျှသောအာရုံ စသောအကြောင်းတို့ကြောင့် ၊သဟုပ္ပတ္တိကာ-အတူတကွဖြစ်ခြင်း ရှိသော တရားတို့တည်း၊
ဣတိ အတ္ထော- ဤကား အနက်။]
ဧကတပုဒ်ချေ ။ ။ "ဧကော + ဥပ္ပါဒေါ ဧတေသံတိ ဧကုပ္ပါဒါ, ဧကော+နိရောဓော ဧတေသံတိ ဧကနိရောဓာ, ဧကုပ္ပါဒ စ+တေ+ ဧကနိရောဓာ စာတိ ဧကုပ္ပါဒနိရောဓော " ဟုဆိုသင့်လျက် နောက်ဧက သဒ္ဒါ ကိုချေ၍
"ဧကုပ္ပါဒ နိရောဓာ" ဟုဖြစ်သည်။ အနက်ပေးသော အခါ ဧကုပ္ပါဒ နိရောဓာ ၏ နောက်၌ ဟုတွာ ထည့်ပြီးလျှင် , ထိုဟုတွာ ကို "စေတောယုတ္တာ" ၌ စပ်၍ " တူသောဖြစ်ခြင်း၊ တူသော ချုပ်ခြင်း ရှိကုန်သည် ဖြစ်၍ စိတ်၌.ယှဉ်ကုန်သည်" ဟု အဓိပ္ပါယ် မှတ်ပါ။ ဧကာလမ္ဗနဝတ္ထုကာ ၌ လည်း ဤနည်းပင်တည်း၊ ဤ ဧကုပ္ပါဒ စသော လေးပါးကို စေတောယုတ္တ လက္ခဏာ လေးပါးဟု လည်းကောင်း၊ သမ္ပယောဂ လက္ခဏာ လေးပါးဟု
လည်းကောင်း ခေါ်နိုင်၏။ စေတသိက် လက္ခဏာ လေးပါးဟုလည်း ဋီကာတို့ ဖွင့်ကြသေး၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment