#ပရမတ်နှင့် ပညတ်
*************
ပရမော ဥတ္တမော အဝိပရိတော အတ္ထော ပရမတ္ထော။
(ဋီကာကျော်)
ပရမော ဥတ္တမော၊ မြတ်သော။ အဝိပရီတော၊ မဖောက်မပြန်မှန်ကန်သော။ အတ္ထော၊ အနက်သဘောတည်း။
ပရမတ္ထော၊ မြတ်သော အနက်သဘော, မှန်ကန်သော အနက်သဘော။
အဓိပ္ပါယ်ကား။ ။မှားယွင်းသော အနက်သဘောကို ကောင်းမြတ်သည်ဟု မဆိုနိုင်ချေ၊ မှန်ကန်သော အနက်သဘောကို
သာလျှင် ကောင်းမြတ်သည်ဟု ဆိုနိုင်ပေသည်။ သို့ဖြစ်၍ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော အနက်သဘော ၄-ပါးသည်
မချွတ်မယွင်း, မဖောက်မပြန် အမှန်ချည်းသာဖြစ်၍ မြတ်သော အနက်သဘော = ပရမတ်တရား မည်၏ဟူလို။
ပရမော ဥတ္တမော အတ္တပစ္စက္ခော အတ္ထော ပရမတ္ထော။
(အဋ္ဌကထာနှင့်အညီ)
ပရမော ဥတ္တမော၊ မြတ်သော။ အတ္တပစ္စက္ခော၊ ကိုယ်တိုင်မျက်မှောက် သိအပ်သော။ အတ္ထော၊ အနက်သဘောတည်း။
ပရမတ္ထော၊ မြတ်သော အနက်သဘော = ကိုယ်တိုင်မျက်မှောက် သိအပ်သော အနက်သဘော။
အဓိပ္ပါယ်ကား။ ။တဆင့်ကြား စသည်ဖြင့် သိအပ်သော အနက်သဘောသည် မှန်သည်လည်းရှိရာ၏၊ မှားသည်လည်း
ရှိရာ၏။ ထို့ကြောင့် ထိုသို့သောအနက်သဘောကို ပရမတ္ထ=မြတ်သော အနက်သဘောဟု မဆိုနိုင်ချေ။ ကိုယ်တိုင်မျက်မှောက်
သိအပ်သော အနက်သဘောသည်ကား အမှားဟူ၍မရှိ, အမှန်ချည်းသာတည်း၊ ထို့ကြောင့်, ကိုယ်တိုင်တွေ့၍ မျက်မှောက်
သိအပ်သော စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော သဘော ၄-ပါးသည် မြတ်သော အနက်သဘော=ပရမတ်တရား မည်၏
ဟူလို။ ထို့ကြောင့် ကထာဝတ္ထု အဋ္ဌကထာ၌ အောက်ပါအတိုင်း မိန့်ဆိုတော်မူ၏။
သစ္စိကဋ္ဌောတိ မာယာ မရီစိ အာဒယော ဝိယ အ-ဘူတာကာရေန အဂ္ဂဟေတဗ္ဗော ဘူတတ္ထော၊ ပရမတ္ထောတိ
အနုဿဝါဒိဝသေန အဂ္ဂဟေတဗ္ဗော ဥတ္တမတ္ထော။ (အဘိ-ဋ္ဌ ၃-၁၁၂)
အတ္တနော ပန ဘူတတာယ ဧဝ သစ္စိကဋ္ဌော၊ အတ္တပစ္စက္ခတာယ စ ပရမတ္ထော၊ တံ သန္ဓာယာဟ။ (အဘိ-ဋ္ဌ ၃-၁၁၃)
သစ္စိကဋ္ဌောတိ၊ သစ္စိကဋ္ဌ ဟူသည်ကား။ မာယာ မရီစိ အာဒယော ဝိယ၊ မျက်လှည့်ပြအပ်သော ဝတ္ထု, တံလျှပ်,
စသည်တို့ကဲ့သို့။ အ-ဘူတာကာရေန အဂ္ဂဟေတဗ္ဗော၊ မမှန်သော အခြင်းအရာအားဖြင့် မယူအပ်သော။ ဘူတတ္ထော၊ မှန်သော
အနက်သဘောတည်း။ ပရမတ္ထောတိ၊ ပရမတ္ထ ဟူသည်ကား။ အနုဿဝါဒိဝသေန၊ တဆင့်ကြား စသည်တို့၏ အလိုအားဖြင့်။
အဂ္ဂဟေတဗ္ဗော၊ မယူအပ်သော။ ဥတ္တမတ္ထော၊ မြတ်သောအနက် သဘောတည်း။
ပန၊ အမှန်အားဖြင့်သော်ကား။ သော၊ ထို (၅၇)ပါးသော တရားသည်။ အတ္တနော ဘူတတာယ ဧဝ၊ မိမိ၏ မှန်ကန်
သည်၏ အဖြစ်ကြောင့် သာလျှင်။ သစ္စိကဋ္ဌော၊ သစ္စကဋ္ဌမည်၏။ အတ္တပစ္စက္ခတာယ၊ မိမိအား မျက်မှောက်ဖြစ်သောကြောင့်။
ပရမတ္ထော စ၊ ပရမတ္ထလည်း မည်၏။ တံ၊ ခန္ဓာငါးပါး, အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါး, ဣနြေ္ဒ ၂၂-ပါးဟူသော ထို
(၅၇)ပါးသော တရားကို။ သန္ဓာယ၊ ရည်၍၊ အာဟ၊ ဟောတော်မူ၏။
ဤအဋ္ဌကထာ၌ သစ္စိကဋ္ဌ၏ အရလဲ ၅၇-ပါးသော တရားဖြစ်၏၊ ပရမတ္ထ၏ အရလဲ ယင်း ၅၇-ပါးပင်ဖြစ်၏။
အကျဉ်းအားဖြင့်ကား စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်,-ဤ ၄-ပါးသာတည်း။ ထို့ထက် အကျဉ်းအားဖြင့်ကား ရုပ်, နာမ်, ၂-
ပါးမျှသာတည်း။ သို့ဖြစ်၍, သိလွယ်စေရန် ဤ၌ ရုပ်နာမ် ၂-ပါးကိုသာ ဖော်ပြပေအံ့။မျက်လှည့်ဆရာက အုဌ်ခဲ, စက္ကူ, ကျောက်ခဲတို့ကို မန္တန်, ဆေးတို့ဖြင့် ရွှေ, ငွေ, ပဒမြားစစ် ပြု၍ပြလျှင်, ကြည့်ရှုသူ
တို့က တကယ် ရွှေစစ်, ငွေစစ်, ပဒမြားစစ်,ဟု ထင်မှတ်ကုန်ရာ၏။ သို့ဖြစ်ရာ၌ ရွှေငွေ ပဒမြားဟု ထင်မှတ်အပ်သော အနက်
သည် မမှန်သောအခြင်းအရာအားဖြင့် ယူအပ်သောကြောင့် အဘူတတ္ထ=အသစ္စိကဋ္ဌ=မမှန်သော အနက်မည်၏။ နွေအခါ၌
ရေရှာသော သမင်တို့သည် အဝေး၌မြင်ရသော တံလျှပ်ကို ရေဟု ထင်မှတ်ကုန်ရာ၏။ ဤသို့ ထင်ရာ၌လဲ ရေဟု ထင်မှတ်
အပ်သော အနက်သည် မမှန်သော အခြင်းအရာအားဖြင့် ယူအပ်သောကြောင့် အဘူတတ္ထ=အသစ္စိကဋ္ဌပင်တည်း။ ထို့အတူပင်
အမှန်အားဖြင့် မရှိပါဘဲလျက် အဟုတ်ရှိသည့် အနေအားဖြင့် ယူအပ်, ထင်မှတ်အပ်သော အမည်ပညတ်, မိန်းမ, ယောက်ျား,
လက်, ခြေ, စသောအနက် ပညတ် အမျိုးမျိုးတို့သည် အဘူတတ္ထ-အသစ္စိကဋ္ဌ=မမှန်သော အနက်တို့သာတည်း။ ရုပ် နာမ်
အစစ်တို့သည်ကား ထိုကဲ့သို့ မရှိပါဘဲလျက် ရှိသည်ဟု ယူအပ်သော တရားတို့မဟုတ်ကုန်၊ အမှန်စင်စစ်ရှိ၍ ရှိသည့်အတိုင်း,
ဖြစ်ပျက်သည့် အတိုင်းသာလျှင် ယူအပ် သိအပ်သော အနည်သဘောတို့ပေတည်း။ ထို့ကြောင့် ယင်း ရုပ် နာမ် အစစ်တို့သည်
ဘူတတ္ထ=အစ္စိကဋ္ဌ မည်ကုန်၏၊ ''မဖောက်မပြန် မှန်ကန်သောသဘောများ''ဟု ဆိုလိုသည်။
အမှန်ရှိပုံကား-မျက်စိဖြင့် အဆင်းရုပ်ကို မြင်ရသော သူတို့သည် ''အဆင်းကို မြင်ရသည်'' ဟူ၍၄င်း၊ ''မြင်ရသော
အဆင်းရှိသည်'' ဟူ၍၄င်း သိကြ၏၊ ဤသို့သိအပ်သော အဆင်းရုပ်သည် ရွှေ, ငွေ, ပဒမြား,ဟု ထင်မှတ်အပ်သော မျက်လှည့်
ဝတ္ထု, ရေဟု ထင်မှတ်အပ်သော တံလျှပ်တို့ကဲ့သို့ မမှန်သည် မဟုတ်ပေ၊ သိသည့်အတိုင်းပင် မှန်လဲမှန်၏၊ တကယ်လဲရှိ၏၊
အဘယ့်ကြောင့်နည်းဟူမူ-မြင်စရာ မရှိပါလျှင်, မြင်မှုပင် မဖြစ်နိုင်ရာ သောကြောင့်တည်း။ သို့ဖြစ်၍, မျက်စိဖြင့် မြင်ရသော
အဆင်းရုပ်သည် ဘူတတ္ထ=သစ္စိကဋ္ဌ မည်၏၊ သစ္စိကဋ္ဌမည်လျှင်, ပရမတ္ထလဲ မည်၏။ မြင်ပြီးသည်မှ နောက်ကာလ၌ ပုံ
သဏ္ဌာန် အမျိုးမျိုးဖြစ်အောင် မနောဒွါရဖြင့် ကြံစည်ဆုံးဖြတ်၏။ အရှည်ကို မြင်သည်၊ အတိုကိုမြင်သည်၊ အလုံးကိုမြင်သည်၊
အပြားကိုမြင်သည်၊ လေးမျှောင့်ကို မြင်သည်၊ အဝိုင်းကိုမြင်သည်၊ မိန်းမကို မြင်သည်၊ ယောက်ျားကို မြင်သည်၊ မျက်နှာ
ကိုမြင်သည်၊ လက်ကိုမြင်သည်-ဤသို့ စသည်ဖြင့် အမျိုးမျိုးကြံစည်စဉ်းစား၍ ဆုံးဖြတ်၏။ ဤအရာ၌ ကြံစည်စဉ်းစားမှုမှာ
ရှေးကမတွေ့ဘူး, မမှတ်သားဘူးသော အာရုံဝတ္ထု၌သာ ကြာမြင့်စွာ စဉ်းစားရသောကြောင့် ထင်ရှားပေသည်၊ တွေ့ဘူး
မှတ်သားဘူးသော အာရုံဝတ္ထု၌ကား ကြာမြင့်စွာ မစဉ်းစားရသောကြောင့် ထိုစဉ်းစားမှု မထင်ရှားပြီ၊ မထင်ရှားသောကြောင့်
''ထိုပုံသဏ္ဌာန်ကိုပင်မြင်သည်''ဟု ထင်မှတ်ကြပေသည်၊ ရှေးစိတ် နောက်စိတ်တို့၏ အကွဲအပြားကို မသိသော သာမန်ပုထုဇဉ်
တို့၏ ဓမ္မတာသဘောပေတည်း။ ထို့ကြောင့် မူလဋီကာ၌ အောက်ပါအတိုင်း မိန့်ဆိုတော်မူ၏။
စက္ခုဝိညာဏဿ ဟိ ရူပေ အဘိနိပါတမတ္တံ ကိစ္စံ၊ န အဓိပ္ပါယ သဟဘုနော စလနဝိကာရဿ ဂဟဏံ၊ စိတ္တဿ
ပန လဟုပရိဝတ္တိတာယ စက္ခုဝိညာဏဝီထိယာ အနန္တရံ မနောဝိညာဏေန ဝိညာတမ္ပိ စလနံ စက္ခုနာ ဒိဋ္ဌံ ဝိယ မညန္တိ
အဝိသေသ ဝိဒုနော။ (မူလ-ဋီ ၁-၇၂)
ရူပေ အဘိနိပါတမတ္တံ၊ အဆင်း၌ ရှေးရှုကျရုံမျှသည်။ ဝါ၊ အဆင်းကို မြင်ရုံမျှသည်။ စက္ခုဝိညာဏဿ ကိစ္စံ၊
မြင်သောစိတ်၏ ကိစ္စတည်း။ အဓိပ္ပါယသဟဘုနော စလနဝိကာရဿ၊ အလိုနှင့်တကွဖြစ်သော လှုပ်ရှားမှု အမူအရာအထူးကို။
ဂဟဏံ၊ ယူခြင်း သိခြင်းသည်။ န၊ မြင်သောစိတ်၏ ကိစ္စမဟုတ်ပေ။ ပန၊ သို့သော်လဲ။ စိတ္တဿ လဟုပရိဝတ္တိတာယ၊
စိတ်၏ လျင်သော အပြန်ရှိခြင်းကြောင့်။ စက္ခုဝိညာဏဝီထိယာ အနန္တရံ၊ မြင်သောစိတ်အစဉ်၏ အခြားမဲ့၌။ မနောဝိညာဏေန
ဝိညာတမ္ပိ စလနံ၊ ကြံစည်သော မနောဝိညာဏ်ဖြင့် သိအပ်သော လှုပ်ရှားမှုကိုလဲ။ စက္ခုနာ ဒိဋ္ဌံ ဝိယ၊ မျက်စိဖြင့် မြင်ရသကဲ့
သို့။ အဝိသေသ ဝိဒုနော၊ ရှေးစိတ် နောက်စိတ် အထူးကို မသိသော သာမန်ပုထုဇဉ်တို့သည်။ မညန္တိ၊ ထင်ကုန်၏။
လက်လှုပ်ရှားခြင်းစသည်ကို မြင်သောအခါ၌ မြင်သော စိတ်ဖြင့် အဆင်းကိုသာ မြင်၏၊ လက်ဟူ၍၄င်း, လှုပ်သည်
ဟူ၍၄င်း, မသိနိုင်ပေ၊ သို့သော်လဲ စိတ်သည် အလွန်လျင်မြန်၏၊ ထို့ကြောင့် မြင်သောစိတ် ဖြစ်ပြီးသည့် နောက်၌ စဉ်းစား
ကြံစည်၍ သိအပ်သော လှုပ်ရှားမှုကိုလဲ 'မျက်စိဖြင့်ပင် တခါတည်း မြင်သည်''ဟူ၍ ရှေးစိတ် နောက်စိတ်ကို မခွဲနိုင်သော
သာမန် ပုထုဇဉ်တို့က ထင်မှတ်ကြသည်ဟူလို။ ဝိပဿနာ၌ နိုင်နင်းစွာ လေ့လာပြီးသော သူတို့သည်ကား အဆင်းကိုမြင်သော
စိတ်ကတခြား, လက်ဟုသိသော စိတ်ကတခြား, လှုပ်သည်ဟုသိသော စိတ်ကတခြား ဖြစ်ကြောင်းကို ကိုယ်ပိုင်ဉဏ်ဖြင့်ပင်
သိနိုင်ကြ၏။
သို့သော်လဲ ဤအရာ၌ သာမန်ပုဂ္ဂိုလ်တို့လဲ ယုံကြည်စွာ မှတ်သားနိုင်ရန် ဥပမာဖြင့် ပြဦးအံ့၊ ညဥ့်မှောင်ထဲ၌ မီးစကို
ဝိုင်း၍ပြလျှင် ကြည့်သူတို့က ''မီးဝိုင်းကိုမြင်သည်''ဟု ထင်ကြ၏၊ အရှည်, သုံးထောင့် စသည်လုပ်၍ပြလျှင် ''မီးရှည်ကိုမြင်
သည်, မီးသုံးထောင့်ကို မြင်သည်'' ဤသို့ စသည်ဖြင့် ထင်ကြ၏၊ အမှန်အားဖြင့်ကား-မီးဝိုင်းသဏ္ဌာန်စသည် တပြိုင်နက် မရှိ
သောကြောင့် ထိုသဏ္ဌာန်တို့ကို တပြိုင်နက် မမြင်နိုင်သည်သာတည်း၊ မီး၏ရဲရဲအဆင်းများသာလျှင် နေရာပေါင်းများစွာ၌
ရှိ၏၊ ထိုအဆင်းများကိုသာလျှင် နေရာပေါင်းများစွာ၌ အစဉ်အတိုင်းမြင်၏၊ ထိုအမြင်များကို ပေါင်းစပ်၍ ကြံစည်သော
နောက်စိတ်များဖြင့်သာလျှင် ထိုထိုပုံသဏ္ဌာန် ထင်ရှားလေသည်၊ ဤဥပမာသည် တိုက်ရိုက်ပြသော ဥပမာပေတည်း။တနည်းကား-စာကို ကောင်းစွာ မဖတ်တတ်သေးသော သူသည် စာလုံးတို့ကို မြင်ပြီးသည့်နောက်၌ တလုံးနှင့်တလုံး,
တပိုဒ်နှင့်တပိုဒ်ကို ကြာမြင့်စွာ စဉ်းစားပြီးမှ ပေါင်းစပ်၍ ဖတ်နိုင်လေသည်၊ ထိုသူမှာ ကြာမြင့်စွာ စဉ်းစားရသောကြောင့်
စဉ်းစားမှုထင်ရှား၏။ ကောင်းစွာ စာဖတ်တတ်သော သူမှာမူကား စဉ်းစားမှု မထင်ရှားပြီ၊ မြင်ရုံမျှဖြင့်ပင် ဖတ်သွားနိုင်သည်
ဟုထင်ရ၏၊ သို့သော်, လျင်မြန်စွာ စဉ်းစားမှုကား ရှိသည်သာတည်း။ ဤနည်းတူပင် မတွေ့ဘူးသော အာရုံဝတ္ထုတို့၌ မြင်မှု
နှင့်စဉ်းစားမှု ကွဲပြားလျက်ထင်ရှား၏၊ တွေ့ဘူးသောအာရုံဝတ္ထု၌ကား ကြာမြင့်စွာမစဉ်းစားရသောကြောင့် စဉ်းစားမှု မထင်ရှား
ပြီ၊ ထို့ကြောင့် ''မြင်ရုံမျှဖြင့် မိန်းမ ယောက်ျား စသည် အလုံးစုံကို တခါတည်းသိသည်၊ မိန်းမ ယောက်ျားစသည်ကိုပင်
မြင်သည်''ဟု ထင်မှတ်ကြပေသည်၊ သို့သော်, မြင်ပြီးသည့်နောက်၌ လျင်မြန်စွာ စဉ်းစားမှုကား ရှိသည်သာတည်း၊ ထိုစဉ်းစား
မှုဖြင့်သာလျှင် မိန်းမ ယောက်ျားစသော အနက်တို့ကို ဆုံးဖြတ်နိုင်လေသည်။ ဤသို့ မြင်စဉ်ကာလက မသိရပါဘဲလျက်
ကြံဆ၍သာယူအပ်သော မိန်းမ ယောက်ျားစသော အနက်တို့သည်ကား မီးစဝိုင်းသဏ္ဌာန်ကဲ့သို့ပင် အမှန်အားဖြင့် ထင်ရှားမရှိ
ကုန်၊ ထို့ကြောင့် ဘူတတ္ထ, သစ္စိကဋ္ဌ, ပရမတ္ထ မမည်ကုန်၊ အပြားအားဖြင့် သိစေအပ်, သမုတ်အပ်သောကြောင့် သမုတိ
ပညတ်သာ မည်ကုန်၏၊ ဤပညတ်တရားတို့၏ ထင်ရှားမရှိပုံကို ဤသို့ ဆင်ခြင်၍ကြည့်လျှင်လဲ သိနိုင်၏၊ ဆင်ခြင်ပုံကား -
မိန်းမယောက်ျားစသည်ဟု ထင်မှတ်ရသော အထည်ဒြဗ်မှ မြင်နိုင်ကောင်းသော အဆင်းဟူသမျှကို အကုန်နုတ်ပယ် လိုက်လျှင်
မြင်ရသော မိန်းမ ယောက်ျား စသည်မရှိနိုင်ပြီ၊ ထို့ကြောင့် မြင်ရသောသဘောမှာ အဆင်းရုပ်သာဟုတ်၏၊ မိန်းမ ယောက်ျား
စသည်မဟုတ်၊ ထိုအဆင်းရုပ်အပေါင်းကိုသာ မြင်ရ၏၊ မိန်းမ ယောက်ျား စသည်ကိုကား မမြင်ရ၊ 'မြင်ရသည်'ဟု ထင်မှတ်
အပ်သော မိန်းမ ယောက်ျားစသော ပညတ်တရားကား 'မြင်ရသည်'ဟု ထင်မှတ်သည့်အတိုင်း ထင်ရှားမရှိသည်သာဟူ၍
သိအပ်၏။ ဤအရာ၌, မမြင်ရသော်လဲ တွေ့ထိရသော မိန်းမ ယောက်ျားစသည်ကား ရှိရာသေး၏ဟု ဆိုငြားအံ့။ ထိုတွေ့ထိရ
သော သဘောမှာလဲ မိန်းမ ယောက်ျားစသည် မဟုတ်ပေ၊ မြင်ရသော အဆင်းရုပ်ကဲ့သို့ပင် တွေ့ထိရသော ဖောဋ္ဌဗ္ဗရုပ်တရား
သာလျှင်တည်း၊ ထိုဖောဋ္ဌဗ္ဗရုပ်ကိုသာလျှင် တွေ့ထိနိုင်၏၊ မိန်းမ ယောက်ျားစသည်ကိုကား မတွေ့ထိနိုင်၊ အဘယ့်ကြောင့်နည်း
ဟူမူ-တွေ့ထိ နိုင်ကောင်းသော ထိုဖောဋ္ဌဗ္ဗရုပ် ဟူသမျှကို အကုန် နုတ်ပယ်လိုက်လျှင် တွေ့ထိရသော မိန်းမ ယောက်ျားစသည်
မရှိနိုင်ရာသောကြောင့် ပေတည်း။ ထို့ကြောင့် မိန်းမ ယောက်ျား အစရှိသော ပညတ်တို့သည် အဘူတတ္ထ, အသစ္စိကဋ္ဌသာ
မည်ကို၏။ ''မိန်းမ ယောက်ျားတို့ကို မြင်ရသည်, တွေ့ထိရသည်။'' ဤသို့စသည်ဖြင့် ထင်မှတ်သည့်အတိုင်း မမှန်သော
တရားများဟု ဆိုလိုသည်။ အသစ္စိကဋ္ဌဖြစ်သောကြောင့် အပရမတ္ထ တို့သာတည်း၊ ''ပရမတ်တရား မဟုတ်ကုန်'' ဟူလို။
စက္ခုပသာဒဟု ခေါ်သော မျက်စိ ကြည်လင်မှု သည်လည်း အမှန်ပင်ရှိ၏။ ထို့ကြောင့်ပင်လျှင် ယင်းမျက်စိအကြည်၌
အဆင်းရုပ်ထင်၍ မြင်မှု ဖြစ်ပေါ်နိုင်ပေသည်၊ မျက်စိကြည်မှု မရှိလျှင်ကား အဆင်းရုပ်ပင် မထင်နိုင်ရာ၊ ဘယ်မှာ မြင်နိုင်တော့
အံ့နည်း။ ဥပမာ-ကြည်သောမှန်ရှိလျှင် ထိုမှန်၌ ထင်သော အဆင်းရိပ်ကို မြင်နိုင်၏၊ ကြည်သော မှန်မရှိလျှင်ကား အဆင်းရိပ်
ပင် မထင်နိုင်သောကြောင့် မှန်ထဲက အဆင်းကို မမြင်နိုင်သကဲ့သို့ ပင်တည်း။ သို့ဖြစ်၍ ''မြင်နိုင်အောင် ကြည်လင်သော
မျက်စိ ရုပ်ရှိသည်''ဟု ထင်မှတ်သိမြင်အပ်သော စက္ခုပသာဒ ရုပ်သည်လည်း ဘူတတ္ထ, သစ္စိကဋ္ဌ, ပရမတ္ထ မည်၏။ မြင်မှု
သည်လည်း အမှန်ပင်ရှိ၏၊ ရှိသောကြောင့်ပင်လျှင် အဆင်းအမျိုးမျိုးကို သိနိုင်ကြပေသည်၊ မရှိလျှင်ကား 'ဘာကိုမြင်သည်'ဟု
သိလဲ မသိနိုင်ရာ၊ ပြောလဲ မပြောနိုင်ရာ။ ထို့ကြောင့် စက္ခုဝိညာဏ်ဟုခေါ်သော မြင်မှုသဘောသည်လည်း ဘူတတ္ထ, သစ္စိကဋ္ဌ,
ပရမတ္ထ မည်၏၊ ကြားအပ်သော အသံရုပ်, ကြားနိုင်အောင် ကြည်လင်သော နားရုပ်, ကြားမှု သောတဝိညာဏ် စသည်တို့၌လဲ
ထင်မှတ်သိမြင်သည့် အတိုင်းပင် အမှန်ရှိသောကြောင့် ဘူတတ္ထ, သစ္စိကဋ္ဌ, ပရမတ္ထ မည်ပုံကို နည်းတူ ချဲ့၍သိပါလေ။
မျက်မှောက်သိမှပရမတ်။ ။တဆင့်ကြားစကားမျှဖြင့် ယုံကြည်မှတ်သားအပ်သော အနက်သည် အမှန်လဲရှိရာ၏၊ အမှားလဲ
ရှိရာ၏၊ အမှန်ချည်းကားမဖြစ်နိုင်၊ ထို့ကြောင့် ထိုသို့သော အနက်သည် ဥတ္တမတ္ထ ပရမတ္ထ မမည်၊ ''ကောင်းမြတ်သော အနက်
မဟုတ်''ဟု ဆိုလို၏။ ကိုယ်တိုင် ဒိဋ္ဌတွေ့၍ မျက်မှောက်သိအပ်သော အနက်သည်ကား သိမြင်ရသည့်အတိုင်း အမှန်ချည်သာ
တည်း၊ ထို့ကြောင့် ကိုယ်တိုင် မျက်မှောက်သိအပ်သော အနက်သည်သာလျှင် ဥတ္တမတ္ထ, ပရမတ္ထ မည်၏။ ''မြင့်မြတ်သော
အနက်သဘော''ဟု ဆိုလို၏။
အနုဿဝါဒိဝသေန - ဟူသော အဋ္ဌကထာ၌ အာဒိ သဒ္ဒါဖြင့် ''ပရံ ပရာ, ဣတိကိရာ, ပိဋကသမ္ပဒါန, တက္ကဟေတု,
နယဟေတု, အာကာရပရိဝိတက္က, ဒိဋ္ဌိနိဇ္ဈာနခန္တိ - စသည်တို့ အလိုအားဖြင့် ယူအပ်သော အနက်သည် ပရမတ္ထမမည်၊
မျက်မှောက်သိအပ်သော အနက်သည်သာလျှင် ပရမတ္ထမည်သည်''ဟု ပြ၏။
ပရံပရာ။ ။ဆရာသမား ဘိုးဘွား မိဘ အဆက်ဆက်မှလာသော ရိုးရာစကား၊ ဣတိကိရာ သည်လိုတဲ့ဟု ကိုယ်တိုင်မသိ
ဘဲ ပြောသောစကား၊ ဤစကား ၂-မျိုးဖြင့် ယုံကြည်အပ်သော အနက်သည်လည်း အမှားအမှန် ၂-မျိုးလုံးပင် ဖြစ်နိုင်၏၊
Credit by Wai Soe Thein
ဆက်ရန်-
No comments:
Post a Comment