🔆 ပရမတ်နှင့် ပညတ် - (၄)
******************
ထင်ရှားစေဦးအံ့ - ရူပါရမ္မဏ ဟူသော ပါဠိအမည်, ရူပါရုံ ဟူသော ပါဠိပျက် မြန်မာအမည်, အဆင်း ဟူသော
မြန်မာအမည်စစ်-ဤသို့သော အမည် ဟူသမျှသည် စဉ်းစားဆင်ခြင်သော စိတ်ကူးထဲ၌ ထင်ကာမျှအာရုံသာတည်း၊ အဇ္ဈတ္တ,ဗဟိဒ္ဓသန္တာန်တို့၌ ဖြစ်ဘူးသည်လဲမဟုတ်၊ ဖြစ်ဆဲလဲမဟုတ်၊ ဖြစ်လတံ့လဲ မဟုတ်သည်သာတည်း။ ထို့ပြင် ''မည်သည့်နေရာ၌
ထင်ရှား တည်နေသည်'' ဟူ၍ မျက်မှောက်အားဖြင့်လဲ မသိအပ်သည်သာတည်း။ ထို့ကြောင့်, အမည်ပညတ်သာမည်၏၊
ပရမတ်မမည်။
ထိုအမည်တို့ဖြင့် သိစေအပ်သော အနက်သည်ကား မျက်စိဖြင့် မြင်နိုင်ကောင်းသော သဘောပေတည်း။ ထိုသဘောကို မြင်ဆဲကာလ, မြင်ပြီးသည်ကို ဝိပဿနာရှုမှတ်သော ကာလ, မြင်ခဲ့ဘူးသည့် အနေအားဖြင့် ဆင်ခြင်သော ကာလ ---
ဤသို့သော ကာလတို့၌ မျက်မှောက်အားဖြင့် သိအပ်၏။ ဤသို့ မျက်မှောက်သိအပ်သော ထိုအဆင်းသည် ပရမတ်တရား
အစစ်ပေတည်း။ ဤကဲ့သို့ တကယ်မြင်ပြီး, မြင်ဆဲကို အာရုံမပြုမိပါဘဲ အလွတ်သက်သက် စဉ်းစားဆင်ခြင်သော စိတ်ကူးထဲ၌
ထင်လာသော အဆင်းသည်ကား အမည်ပညတ်, အာကာရပညတ်, သဏ္ဌာနပညတ်တို့တွင် တမျိုးမျိုးသော ပညတ်သာတည်း၊
ပရမတ်အစစ်ကား မဟုတ်ပေ။ အဘယ့်ကြောင့်နည်းဟူမူ-ထိုသို့သော အာရုံသည် အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် ၂-ပါး၌ တကယ်ဖြစ်ပြီးဖြစ်ဆဲ, ဖြစ်လတံ့မဟုတ်၍ ''မည်သည့်နေရာတွင် ထင်ရှားရှိသည်''ဟု မျက်မှောက် မသိအပ်သောကြောင့် ပေတည်း။
ဥပမာ-တစ္ဆေ ကြောက်တတ်သောသူ အား တစ္ဆေ မချောက်ပါဘဲလျက် အနီးအပါးတွင် ကြောက်ဖွယ် ကောင်းသော အကောင်
အထည်ကြီး ရှိနေသကဲ့သို့ ထင်တတ်၏။ အိမ်မက်ကို မြင်မက်သောသူအား မကြုံဘူးသော အာရုံတို့ကို တကယ်တွေ့နေသကဲ့သို့ ထင်တတ်၏။ သို့သော်လဲ, ထိုသူတို့အား ထင်ပေါ်သော ထိုအာရုံတို့သည် ဘာမျှအလျှင်း မရှိဘဲ စိတ်ကူးထဲ၌ ပေါ်ရုံမျှသာဖြစ်ကုန်သကဲ့သို့ ပင်တည်း၊ ထို့ကြောင့် စိတ်ဖြင့် ဖန်တီး၍ ပေါ်လာသော အာရုံဟူသမျှကို ပညတ်ဟူ၍သာ မှတ်ရာ၏။
စက္ခုပသာဒ=မျက်စိကြည်လင်မှု၊ စက္ခုဝိညာဏ်=မြင်မှု၊ သဒ္ဒါရုံ=အသံ၊ သောတပသာဒ=နားကြည်လင်မှု၊
သောတဝိညာဏ်=ကြားမှု ဤသို့ စသည်တို့၌လဲ အမည်ဟူသမျှကို ပညတ်၊ မျက်မှောက် သိအပ်သော သဘောဟူသမျှကို
နိဗ္ဗတ္ထိတပရမတ္ထ=ပရမတ်အစစ်၊ စိတ်ကူးထဲ၌ ထင်ရုံမျှကို တပါးပါးသော ပညတ်ဟူ၍ နည်းတူပင် ချဲ့၍ သိပါလေ။
သွားခြင်း-ရပ်ခြင်း-ထိုင်ခြင်း-အိပ်ခြင်း-ကွေးခြင်း-ဆန့်ခြင်း စသောအမူအရာ ကြိယာတို့၏ အမည်များသည်လည်း
ပညတ်တို့သာတည်း။ ထိုအမည်တို့သည် သွားလိုသောစိတ်စသည်နှင့် ထိုစိတ်ကြောင့်ဖြစ်သော ရုပ်တို့ကို ပြတတ်သောကြောင့်
ဝိဇ္ဇာမာန ပညတ်, တဇ္ဇာပညတ် မည်ကုန်၏။ ဤအရာ၌ ဓာတွတ္ထကြိယာ ဟူသည်မှာ ဉသ်ကောက်နည်းအားဖြင့် စိတ်,စေတသိက်, ရုပ်တရားတို့သာ ဖြစ်ကြောင်းကို ပညာရှိတို့ သတိမူမိကြပါစေ။ သို့သော်လဲ, ထိုပညတ်တို့ဖြင့် သိအပ်သော
အနက်တို့သည်ကား သာမန်ပုဂ္ဂိုလ်တို့ သိအပ်သော အနက်, ဝိပဿနာ ယောဂီတို့ သိအပ်သောအနက် အားဖြင့် ၂-မျိုး ပြားကုန်၏။
သာမန်ပုဂ္ဂိုလ်တို့၏ သိပုံ။ ။သာမန် ပုဂ္ဂိုလ်တို့သည် ''ငါသွားသည်, ငါရပ်သည်, ငါထိုင်သည်, ငါအိပ်သည်,
ငါကွေးသည်, လက်ခြေကွေးသည်'' ဤသို့ စသည်ဖြင့် ငါကောင်, လက်, ခြေ, ပုံသဏ္ဌာန်တို့နှင့်တကွ သိကြ၏။ ဤသို့သိအပ်သော
အနက်သည်ကား ပုဂ္ဂိုလ်ပညတ်, သဏ္ဌာန်ပညတ်သာတည်း၊ပရမတ်မဟုတ်။ အဘယ့်ကြောင့်နည်းဟူမူ-သွားလိုသော စိတ်
စသည်နှင့်သွားသော ရုပ်စသည်တို့မှ တပါးအကောင်အထည် ပုံသဏ္ဌာန်များ အသီးအခြား မရှိသောကြောင့် ဝိပဿနာဉဏ်
စသည်ဖြင့် မျက်မှောက်မတွေ့ရချေ၊ ဤသို့ ထင်ရှားမရှိ၍ မျက်မှောက် မသိအပ်သောအနက် ဖြစ်သောကြောင့်ပေတည်း။
ဤအရာ၌ ဝိဇ္ဇမာနပညတ်, တဇ္ဇာပညတ်ဖြင့် သိအပ်သော အနက်သည် ပရမတ်သာဖြစ်သင့်ပါလျက် အဘယ့်ကြောင့် ပညတ်
ဖြစ်ပါသနည်းဟူမူ-သိမှုသည် နှလုံးသွင်းအားလျော်စွာ ဖြစ်သောကြောင့်ပေတည်း၊ ရူပ, ဝေဒနာ, ပထဝီ, စသော ဝိဇ္ဇမာန
ပညတ်များကို ဘုရားမပွင့်မီကပင် သုံးစွဲလျက်ရှိ၏။ ထိုအခါက ၄င်းပညတ်များဖြင့် ပရမတ်အစစ်ကို သိနိုင်ကြမည်မဟုတ်၊
အများအားဖြင့် သဏ္ဌာန်ပညတ်စသည်ကိုသာ သိနိုင်ကြပေမည်။ ယခုအခါ၌ ဗုဒ္ဓဘာသာဝင် ပညာရှင်တို့သည်လည်း၎င်းပညတ်များဖြင့် နှလုံးသွင်းအားလျော်စွာ သဏ္ဌာန်ပညတ်စသည်တို့ကိုလဲ သိကြသေးသည်သာတည်း။ ထို့ကြောင့် ''ဝိဇ္ဇမာန
ပညတ်ဖြင့် ပရမတ် ကိုသာ သိနိုင်သည်''ဟု မုချကိန်းသေ မမှတ်အပ်သည်သာတည်း။
ဝိပဿနာယောဂီတို့၏သိပုံ။ ။ဖြစ်ခိုက် ရုပ်နာမ်တို့ကို မပြတ် ရှုမှတ်သော သူတို့သည်ကား ဉဏ်ရင့်သောအခါ၌ သွားလို
သော စိတ်ကိုလဲ သိကြ၏၊ ထိုစိတ်ကြောင့် တရွေ့တရွေ့ချင်း ရွေ့ရှားသောရုပ်ကိုလဲ သိကြ၏။ ရှေးရှေး ရွေ့ရှားမှုတို့သည်
နောက်နောက် ရွေ့ရှားမှုသို့ မရောက်ဘဲ ကုန်ဆုံးသွားကြသည်ဟူ၍လဲ အစဉ်အတိုင်းသိကြ၏။ ထို့ကြောင့် ''ငါသွားသည်
ဟူသောစကားမှာ ခေါ်ဝေါ်ရုံမျှသာတည်း၊ သွားတတ်သော ငါကောင်ကား မရှိပြီ၊ သွားလိုသောစိတ်နှင့်, ရွေ့ရှားမှု ရုပ်အဆင့်
ဆင့်သာ ရှိကြသည်''ဟု ကိုယ်ပိုင်ဉဏ်ဖြင့်ပင် ဆုံးဖြတ်လျက်သိကြ၏။ ရပ်ခိုက်၌ ရပ်လိုသောစိတ်ကိုလဲ သိကြ၏။ ထိုစိတ်
ကြောင့် တောင့်၍ တောင့်၍ ခံသောရုပ်အဆင့်ဆင့်ကိုလဲ သိကြ၏၊ တကြိမ်မှ တကြိမ်သို့မရောက်ဘဲ ထိုရုပ် အဆင့်ဆင့်ကုန်
ဆုံးသွားကြသည်ကိုလဲသိကြ၏။ ထို့ကြောင့် ''ငါရပ်သည်ဟူသော စကားမှာ ခေါ်ဝေါ်ရုံမျှသာတည်း၊ ရပ်တတ်သော ငါကောင်
ကား မရှိပြီ၊ ရပ်လိုမှုနှင့်, တောင့်တနေမှု အဆင့်ဆင့်များသာ ရှိကြသည်''ဟု ကိုယ်ပိုင်ဉဏ်ဖြင့်ပင် ဆုံးဖြတ်လျက် သိကြ၏။
ကွေးခိုက်၌ ကွေးချင်သော စိတ်ကိုလဲ သိကြ၏။ ထိုစိတ်ကြောင့်, အတွင်းဘက်သို့ တရွေ့ တရွေ့နှင့် ရွေ့ရှားဖောက်ပြန်သည်
ကိုလဲသိကြ၏။ တရွေ့မှ တရွေ့သို့မရောက်ဘဲ ကုန်ဆုံးသွားကြသည်ကိုလဲ သိကြ၏။ ထို့ကြောင့် ''လက်ကွေးသည်, ခြေကွေး
သည်, ငါကွေးသည်, ဟူသောစကားများမှာ ခေါ်ဝေါ်ရုံမျှသာတည်း၊ ကွေးတတ်သော လက်, ခြေ, ငါကောင်တို့ကား မရှိကြပြီ၊
ကွေးချင်မှုနှင့်, တရွေ့တရွေ့လှုပ်ရှားမှု အဆင့်ဆင့်များသာ ရှိကြသည်''ဟု ကိုယ်ပိုင်ဉဏ်ဖြင့်ပင် ဆုံးဖြတ်လျက်သိကြ၏။
ထိုင်ခိုက်, အိပ်ခိုက်, ဆန့်ခိုက်, စသည်၌ သိပုံကိုလဲ ထိုက်သည်အားလျော်စွာ နည်းမှီး၍ ချဲ့ပါလေ။ ဤသို့ သိအပ်
သော အနက်သည်ကား ရုပ်အစစ်, နာမ်အစစ်, နိဗ္ဗတ္တိတ ပရမတ္ထ ပရမတ်အစစ်ချည်း သာတည်း၊ အဘယ့်ကြောင့်နည်း ဟူမူ
-ပစ္စက္ခ ဝိပဿနာဉဏ်ဖြင့် အမှန်ရှိသည့်အတိုင်း မျက်မှောက်သိအပ်သော အနက်သဘောများသာ ဖြစ်သောကြောင့်
ပေတည်း။ ဤသည်ကား တဇ္ဇာပညတ် အရာ၌ ပရမတ် ပညတ်ခွဲပုံတည်း။
ဣတ္ထိ, ပုရိသ, ဟတ္ထ, ပါဒ, ဃဋ, ပဋ စသော ပါဠိအမည်၊ မိန်းမ, ယောက်ျား, လက်, ခြေ, အိုး, ပုဆိုးစသော မြန်မာ
အမည် ဤသို့သော အမည်ဟူသမျှသည် အမည်ပညတ်ချည်းသာတည်း၊ အမှန်အားဖြင့် ထင်ရှားမရှိသော မိန်းမပုံသဏ္ဌာန်
စသည်ကိုသာ ပြတတ်သောကြောင့် အဝိဇ္ဇမာနပညတ်လဲ မည်၏။ ၄င်းပညတ်တို့ဖြင့် သိအပ်သော မိန်းမ, ယောက်ျား
အကောင်အထည်ဒြဗ်၊ လက်, ခြေ, အိုး, ပုဆိုး ပုံသဏ္ဌာန်ဒြဗ် စသည်တို့သည်လည်း အမှန်အားဖြင့် ထင်ရှားမရှိသောကြောင့်
မျက်မှောက် မတွေ့အပ် မသိအပ်သောအနက်တို့ သာတည်း။ ထို့ကြောင့် အနက်ပညတ် သဘောတို့သာတည်း။ မျက်မှောက်
မသိနိုင်ပုံကား-မိန်းမယောက်ျား စသည်ဟု ထင်မှတ်အပ်သော ဝတ္ထုတို့သည် ရုပ်, နာမ် အစစ်တို့၏ အစဉ်အပေါင်း အစုမျှ
သာတည်း။ ထိုရုပ်နာမ် တို့တွင် မြင်သောအခါ၌ အဆင်းရုပ်ကိုသာ မြင်၍ မျက်မှောက်သိနိုင်၏၊ မိန်းမ, ယောက်ျား,
စသည်ကိုကား မျက်မှောက် မသိနိုင်ချေ။ ထို့အတူ ကြားသောအခါစသည်၌ အသံရုပ်ကိုသာ ကြား၍, အနံ့ရုပ်ကိုသာနံ၍,
အရသာ ရုပ်ကိုသာ စားသိ၍ မျက်မှောက်သိနိုင်၏။ တွေ့ထိသော အခါ၌ ကြမ်းတမ်းနူးညံ့သော ပထဝီရုပ်, ပူနွေးအေးသော
တေဇောရုပ်, တောင့်တင်း ပြော့လျော့သော ဝါယောရုပ် တို့ကိုသာ တွေ့ထိ၍ မျက်မှောက်သိနိုင်၏၊ မိန်းမ, ယောက်ျား စသော
ပုံသဏ္ဌာန် အထည်ဒြဗ် တို့ကိုကား မျက်မှောက်မသိနိုင်ချေ။ ၄င်းမိန်းမစသည် တို့ကိုကား မြင်မှု စသည်တို့ ဖြစ်ပေါ်ပြီးနောက်
စဉ်းစား ဆင်ခြင်သော တတိယဝီထိသို့ ရောက်မှ သိနိုင်ပေသည်။ ထိုသို့ သိသော်လဲ မျက်မှောက်သိကား မဟုတ်ပြီ။ တွေ့ဘူး
မှတ်ဘူးသည် အားလျော်စွာ ဆ၍သိခြင်းမျှသာတည်း။ ထို့ပြင်-မိမိသန္တာန်၌ ဖြစ်ပါမူ, ဖြစ်ပေါ်ပြီးသော ရုပ်နာမ်တို့ကို ဖြစ်ခဲ့
သည့်အနေအားဖြင့် ဆင်ခြင်သော ပဋိသင်္ခါနဉဏ်ဖြင့်လဲ မျက်မှောက်သိနိုင်၏။ ရှုမှတ်သော ဝိပဿနာဉဏ်ဖြင့်လဲ မျက်
မှောက်သိနိုင်၏။ ထိုပဋိသင်္ခါနဉဏ်, ဝိပဿနာဉဏ် တို့ဖြင့်ကား မိန်းမစသော အနက်ကို မျက်မှောက် မတွေ့ရသောကြောင့်
ထိုအနက် ပညတ်များကို ထင်ရှားမရှိဟူ၍ ဆုံးဖြတ်နိုင်လေ၏။ သို့ဖြစ်၍, ထက်သန်သော ဝိပဿနာဉဏ်နှင့် ပြည့်စုံသော
ပုဂ္ဂိုလ်တို့သည် 'ပရမတ်ပေါ်လျှင်, ပညတ်ငုပ်သည်' ဟူသော ပညာရှိတို့၏ စကားနှင့်အညီ၊ ပရမတ် ရုပ်နာမ် အစစ်တို့ကို
သာလျှင် ပေါ်လွင်ထင်ရှားစွာ သိမြင်ကြ၏။ ပညတ်တို့ကိုကား ထင်ရှားမရှိသော တရားအနေအားဖြင့်သာ သိမြင်ကြလေ
သည်။ ထိုသို့သော ဝိပဿနာဉဏ် မဖြစ်ဘူးသေးသော သူတို့မှာကား 'ပညတ်ပေါ်လျှင်, ပရမတ်ငုပ်သည်' ဟူသော ထိ
ုပညာရှိတို့၏ စကားနှင့်အညီ, ပညတ်တို့သည်သာလျှင် ပေါ်လွင်ထင်ရှားကုန်၏။ ပရမတ် ရုပ်နာမ် အစစ်တို့သည်ကား
ûမပ်ကွယ်လျက်သာ ရှိလေကုန်၏။ ထို့ကြောင့် သာမန်ပုဂ္ဂိုလ်တို့သည် ''မိန်းမ ယောက်ျား စသော အထည်ဒြဗ် ဝတ္ထုတို့ကိုသာ
ထင်ရှားရှိ၍ မျက်မှောက် သိရသကဲ့သို့၎င်း, အဆင်းမြင်မှု စသော ရုပ်နာမ်တို့ကိုကား တမင်ကြံစည်၍ ယူမှသိရသကဲ့သို့၎င်း
ထင်မှတ်ကြပေကုန်သည်။ ရှေးစိတ်, နောက်စိတ်တို့၏ အထူးကို မသိသေးသောကြောင့် ထိုသို့ ထင်မှတ်ကြောင်းကို ရှေး၌
ပြဆိုခဲ့လေပြီ။ ဤသည်ကား အဝိဇ္ဇမာန ပညတ် အရာ၌ ပညတ်နှင့် ပရမတ်တို့ကို ခွဲပုံတည်း။
ပရမတ်နှင့်ပညတ်ခွဲပုံ ပြီး၏။
မဟာစည်ဆရာတော်ကြီး
ဝိပဿနာ ရှုနည်းကျမ်း
Credit by wai Soe Thein
No comments:
Post a Comment