Saturday, September 10, 2016
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_၂၂
"ဖောက်ပြန်"ဟု လောက၌ဆိုရိုးမရှိ၊"ရုပ္ပတီတိ ကုပ္ပတိ ဃဋ္ဋီယတိ ပီဠီယတိ ဘိဇ္ဇတိ"ဟု ဖွင့်ပြသောခန္ဓာဝိဘင်းအဋ္ဌကထာ စသည်၌လည်း ရုပ္ပတိအရ ဆုတ်ယုတ်ပျက်ပြားမှုကိုသာဖွင့်ပြသည်၊"သီတေနပိ ရုပ္ပတိ ဥဏှေနပိ ဇိဃစ္ဆာယပိ ရုပ္ပတိ"စသည်ဖြင့် ပါဠိတော်များ၌လည်း ဆုတ်ယုတ်ပျက်ပြားဖို့ရာမကောင်းသော သီတ ဥဏှ ဇိဃစ္ဆ စသောအကြောင်းများကိုသာပြတော်မူ၏၊ထို့ကြောင့် ထိုဆရာတို့၏ အယူအားလုံးပင်စည်းထုံးမကျချေ၊[ရုပ္ပတီတိ_ဟူသည်ကား၊ကုပ္ပတိ_ပျက်စီးတက်၏၊ဃဋီယတိ_ထိုခိုက်အပ်၏၊ပီဠီယတိ_နှိပ်စက်အပ်၏၊ဘိဇ္ဇတိ_ကွဲပျက်တက်၏၊ဝါ_ခွဲဖျက်အပ်၏။]
ရူပဘုံကရုပ်။ ။ရူပဘုံ၌ အအေး အပူစသော ဆန့်ကျင်ဘက်အကြောင်းမရှိ,ဥတုညီမျှ၍ အားလုံးသပ္ပါယဖြစ်ရကား ရူပဘုံ၌ ပထဝီ အာပေါစသောရုပ်ကလာပ်တို့မှာဖောက်ပြန်ဖွယ်မရှိ၊ ထိုသို့ ဖောက်ပြန်ခြင်းမရှိလျှင်"ရုပ္ပတိ"အရ ရူပမမည်ထိုက်ဟု အချို့ကစကားကပ်ကြ၏၊ ချေပရန်ကား"ဖောက်ပြန်တက်"ဟူရာ၌ "တကယ့်ကိုဖောက်ပြန်ရမည်"ဟု ပြလိုရင်းမဟုတ်,ဆန့်ကျင်ဘက်နှင့်မတွေ့သေး၍ မဖောက်ပြန်သေးသော်လည်း ဆန့်ကျင်ဘက်နှငိ့တွေ့က မုချဖောက်ပြန်မည်ဖြစ်လျှင်"ဖောက်ပြန်တက်"ပင်တည်း၊ရူပဘုံ၌ ရုပ်တို့လည်း ဆန့်ကျင်ဘက်အကြောင်းနှင့် ပေါင်းမကဖောက်ပြန်ကြမည်သာ၊ဖောက်ပြန်ခြင်းသဘောကိုမလွန်ဆန်နိုင်၊ထို့ကြောင့် "ရုပ္ပတိ"ဟူသော ဝစနတ်အရ ရူပဘုံကရုပ်များလည်း ရူပအမည် ရကြသည်သာဟုမှတ်ပါ။
နိဗ္ဗာနံ၏ ဝစနတ္ထ။ ။ဝါ နတော နိက္ခန္တန္တိ နိဗ္ဗာနံ၊ ဝါနတော_တဏှာမှ နိက္ခနံ္တ_ထွက်မြောက်သောတရားတည်း၊နိဗ္ဗာနံ_တဏှာမှထွက်မြောက်သောတရား၊လောကီတရားကဲ့သို့ တဏှာ၏အာရုံပြုကိုမခံရတော့ဘဲ တဏှာ၏စက်ကွင်းမှ လွတ်ကင်းမှုကို"တဏှာမှထွက်မြောက်"ဟု ဆိုသည်။
["နိ+ဝါန"ပုဒ်မှ ဝကိုဒွေဘော်ပြု,ဝနှစ်လုံးကို ဗနှစ်လုံးပြု၍ နိဗ္ဗာန ဟု ဖြစ်၏၊သက္ကတ၌ နိရ်ဝါဏဟု ရှိသောကြောင့်"နိဗ္ဗာဏ"ဟုလည်း ရေးကြ၏။]
လောကုတ္တရစိတ်ကို နိဗ္ဗာန မဆိုရ။ ။တဏှာ၏ အာရုံအပြုကိုမခံရသောကြောင့်"နိဗ္ဗာန"ဟုဆိုလျှင် လောကုတ္တရာစိတ် စေတသိက်များလည်း တဏှာ၏အာရုံပြုကိုမခံရသောကြောင့်"နိဗ္ဗာန"မည်သင့်သည် မဟုတ်လောဟုမေး၊ အဖြေကား_နိဗ္ဗာနသဒ္ဒါသည် တဏှာ၏စက်ကွင်းမှရှင်းရှင်းကြီးလွတ်မြောက်ပြီးသော အသင်္ခတဓာတ်၌ထင်ရှားသည့် အထင်ရုဠီသဒ္ဒါ ဖြစ်သောကြောင့် လောကုတ္တရစိတ် စေတသိက်များကို နိဗ္ဗာနဟု မဆိုရ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment