Saturday, September 10, 2016
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_၁၈
မီးခိုးကြွက်လျှောက် စောဒနာ။ ။မပါလျှင်မပြီး အရေးကြီးသောကြောင့်စိတ်ကိုပဓာနဆိုလျှင် ဖဿစသော သဗ္ဗစိတ္တသာဓာရဏစေတသိက်များလည်း မပါလျှင်မပြီး၍ အရေးကြီးသော ပဓာနတရားများဟု မဆိုထိုက်ပါလောဟုမေး၊အဖြေကား_ဖဿစသော သဗ္ဗစိတ္တသာဓာရဏစေတသိတ်များလည်းမပါလျှင်မပြီးသည်ကားမှန်ပေ၏၊သို့သော် အရေးကြီးသောတရားများမဟုတ်ပါ၊ ဘုရင်ထွက်တော်မူလာရာ၌ သက်တော်စောင့် စသူတို့မှာမပါလျှင်မပြီးချေ၊သို့သော် အရေးကြီးသော ပဓာနပုဂ္ဂိုလ်များမဟုတ်ကြ၊ထို့ကြောင့် ထိုသူတို့ကိုအထူးထုတ်ဖော်မပြောပဲ " ရာဇာ အာဂတော=မင်းတရားထွက်တော်မူလာပြီ"ဟု ပဓာနပုဂ္ဂိုလ်ကိုသာ ထုတ်ဖော်ပြောဆိုသကဲ့သို့,ထို့အတူ ပဓာနစသောစိတ်နှင့်ဆက်၍ ဖဿစသည်ကို"စေတသိက"ဟု နာမည်တပ်ထားသော်လည်း အပဓာနဖြစ်သော စေတသိက်များနှင့်ဆက်၍ကား စိတ်ကို"ဖဿိက"စသည်ဖြင့် နာမည်မတပ်ထိုက်။
ဉာဏ်မပိုင်လျှင် စောဒနာဦး။ ။"အာရုံယူရာတိုင်းဝယ် အချို့စေတသိက်များ မပါလျှင် ပြီးနိုင်သော်လည်း စိတ်မပါလျှင်ဘယ်အခါမှ မဖြစ်နိုင်"ဟု ဆို၏၊ ထိုစကားအရ"အာရုံယူရာတိုင်းဝယ် စိတ်အားလုံးလည်း တစ်ပြိုင်နက်ပါဝင်သည်"ဟု မဆိုသာ၊ဥပမာ_ကုသိုလ်စိတ်တို့အာရုံယူခိုက်၌ အကုသိုလ် အဗျာကတစိတ်များမပါ၊ကုသိုလ်စိတ်တွင်လည်းမဟာကုသိုလ်ပဌမစိတ်က အာရုံယူခိုက်၌ အခြားကုသိုလ်�စိတ်များမပါ၊ထို့ကြောင့် အာရုံယူရာတိုင်းဝယ် အချို့စိတ်များမပါဘဲပြီးနိုင်သည်မဟုတ်လောဟု မေး၊အဖြေကား_ဤစောဒနာသည်မသင့်။
ချဲ့ဦးအံ့_ဖုသနလက္ခဏာအားဖြင့် ဖဿတစ်မျိုးတည်းသာ,အနုဘဝနလက္ခဏာအားဖြင့် ဝေဒနာတစ်မျိုးတည်းသာ ရှိသကဲ့သို့,ထို့အတူ အာရမဏဝိဇာနနလက္ခဏာအားဖြင့် စိတ်တစ်မျိုးသာရှိ၏၊သို့သော်ယှဉ်ဖက်စေတသိက်တွေက အမျိုးမျိုးကွဲပြားကြသောကြောင့် ဟိုမှာလည်းယှဉ်ရ,သည်မှာလည်းယှဉ်ရ၍ စိတ်အရေအတွက်များသည်ဟု ထင်ရလေသည်၊
စင်စစ်မှာ အကုသိုလ်စေတသိက်များနှင့် ယှဉ်ခိုက်လည်း ဤသိခြင်းသဘော,သောဘနစေတသိက်များနှင့်ယှဉ်ခိုက၌လည်း ဤသိခြင်းသဘောပင်တည်း၊ဥပမာ_ကောင်းသောကိစ္စ၌ဖြစ်စေ,မကောင်းသောကိစ္စ၌ဖြစ်စေ အရာရာ၌ ပါဝင်အုပ်ချုပ်နေသူတစ်ယောက်သည် "မည်သည့်အသင်း၏ဥက္ကဋ္ဌ,မည်သည့်အသင်း၏လည်းဥက္ကဋ္ဌ"ဟု ဥက္ကဋ္ဌနာမည် အမျိုးမျိုးရနေသော်လည်း တစ်ယောက်တည်းသာဖြစ်သကဲ့သို့တည်း၊ထို့ကြောင့်"အာရုံကိုယူရာတိုင်းဝယ် အချို့စိတ်များလည်း မပါဘဲပြီးနိုင်သည် မဟုတ်လော"ဟူသော စောဒနာသည်မသင့်၊"စိတ်ဟူသော သဘာဓမ္မ၏တစ်ခုတည်းရှိကြောင်းကိုနားမလည်၍ မေးအပ်သောကြောင့် အရင်းကစ၍လွဲမှားလေပြီ"ဟူလို။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment