Saturday, July 16, 2016

ဝီထိပိုင်း သင်္ဂြိုဟ် ဘာသာဋီကာ ***************************** စာ ၂၂၇ .၂၂၈.၂၂၉. ၂၃၀ .၂၃၁ ယံကိဉ္စိ လဒ္ဓပစ္စယံ စာ_၂၂၇ အကြောင်းအဆက်ဆက်။ ။ ထိုယောနိသောမနသိကာရ ဖြစ်ဖို့/ မဖြစ်ဖို့ရန် အကြောင်းအဆက်ဆက် ကား အတ္တသမ္မာပဏိဓိ ,သဒ္ဓမ္မဿဝန, သပ္ပုရိသူပနိဿယ ,ပဋိရူပဒေသဝါသ ,ပုဗ္ဗေ စ ကတပုညတာဟူသော သမ္ပတ္တိစက်တို့ရှိခြင်း/ မရှိခြင်းများတည်း၊ ချဲ့ဦးအံ့ _ ရှေးရှေးဘဝက ကုသိုလ် ကောင်းမှူပြုခဲ့ဖူးခြင်းဟူသော ပုဗ္ဗေ စ ကတပုညတာ သမ္ပတ္တိစက် ရှိခဲ့သူသည် သင့်တင့်လျောက်ပတ် သူတော်သူမြတ်တို့နေရာ "ပဋိရူပဒေသ" ခေါ်သောအရပ်၌ ဖြစ်ရ၏၊ ထို ပဋိရူပဒေသဝါသ သမ္ပတ္တိစက်ရှိသူသည် မိကောင်း ဖကောင်း ဆွေမျိုး ကောင်း ဆရာသမားကောင်း ဟူသော သူတော်ကောင်းတို့ကို မှီခို ဆည်းကပ်ရခြင်းဟူသော သပ္ပုရိသူပနိဿယ စက်နှင့် ပြည့်စုံ၏၊ ထို သပ္ပုရိသူပနိဿစက်နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို နာရခြင်းဟူသော သဒ္ဓမ္မဿဝန စက်နှင့် ပြည့်စုံ၏၊ ထို သဒ္ဓမ္မဿဝန စက်ရှိသူသည် မိမိကိုယ်ကို လည်းကောင်း မိမိစိတ်ကို လည်းကောင်း စောင့်စည်းထိန်းသိမ်းနိုင်ခြင်းဟူသော အတ္တသမ္မာပဏိဓိ စက်နှင့် ပြည့်စုံ၏၊ ဤ အတ္တသမ္မာပဏိဓိ စက်နှင့် အချက်ကျကျ ပြည့်စုံနေသူ၏ သန္တာန်မှာ တွေ့မြင်ရာအာရုံတိုင်း၌ ယောနိသော မနသိကာရ အဖြစ်များ၍ ကုသိုလ် ဇော စောကြတော့မည်သာ၊ ဤသို့ အဆင့်ဆင့် စက်များ ချွတ်ယွင်းပျက်ပြားနေသူ၏ သန္တာန်၌ ကား အယောနိသောမနသိကာရအဖြစ်များ လျက် အကုသိုလ် ဇောများသာ စောခွင့်ရတော့လတ္တံ့။ မှတ်ချက် ။ ။ ဤစကားစဉ်အရ ယခုဘဝ ကုသိုလ် ဇော စောရာ၌ ယောနိသောမနသိကာရသည် နီးသောအကြောင်း , အတ္တသမ္မာပဏိဓိစ သည်ကား ဝေးသော အကြောင်းတည်းဟုမှတ်ပါ။ ထိုဇောတို့၏ သောမနဿ ဥပေက္ခာ အသင်္ခါရိက သသင်္ခါရိက ဖြစ်ဖို့ရန် ဆိုင်ရာ အကြောင်းများ ရှိသေး၏၊ ထိုအကြောင်းများကို စိတ်ပိုင်း၌ ပြခဲ့ပြီ၊ ဤသို့လျှင် ကာမဇော တစ်ခုယုတ် ၃၀ တွင်အကြောင်းသင့်ရာ တစ်ပါးပါး သာ စောနိုင်ခွင့်ရှိသောကြောင့် "ယံကိဉ္စိ လဒ္ဓပစ္စယံ " ဟု မိန့်သည်။ ယေဘုယျ သတ္တက္ခတ္တုံ ဇဝတိ ။ ။ ထိုအခွင့်ရသော ဇော သည်လည်း စိတ်တစ်မျိုး တည်းပင် (၇) ကြိမ်ထပ်၍ဖြစ်၏၊ "(၇)ကြိမ်" ဟူသောစကားလည်း (၇)ကြိမ် အဖြစ်များသောကြောင့် ယေဘုယျအားဖြင့် ဆိုအပ်သောစကားတည်း၊ ပကတိရိုးရာ အခါ၌ပင် ၆ ကြိမ်စောသောအရာလည်းရှိသေး၊ ထို့ကြောင့် "ပရိတ္တဇဝနဝီထိယံ ကာမာဝစရဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ" ဟု ကိုယ်တိုင် ဇဝနဝါရ၌ မိန့်ဦးလတ္တံ့၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ စသည်တို့ ၌ လည်း "ဝေါဋ္ဌပနာနန္တရံ ပန သစေ မဟန္တံ ဟောတိ ရူပါဒိအာရမဏံ ၊ပေ၊ ဆ ဝါ သတ္တ ဝါ ဇဝနာနိ ဇဝန္တိ" ဟု ပကတိ ရိုးရာအခါ၌ပင် (၆) ကြိမ် စောနိုင်ကြောင်းကို မိန့်ကြပြီ။ ငါးကြိမ်စောရာအခါ ။ ။ စုတိခါနီးအခါ, သစ်ပင်ပေါ်မှ ကျခြင်း, ရေနစ်မွန်းခြင်း စသည်တို့ ကြောင့် တွေဝေမိန်းမော သေငယ်ဇောဖြင့် မြောမေ့နေရာအခါ, ±±±±±±±±±±±±±±±±±±±±±±±±±±±±± သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၂၈ အိပ်မပျော့်တပျော်ဝယ် အိမ်မက် မက်ရာအခါ စသည်တို့ ၌ ငါးကြိမ်သာလည်း စောနိုင်ကြောင်းကို "မရဏကာလာဒီသု ပန ပဉ္စဝါရမေဝ" ဟု ဇဝနဝါရ၌လည်းကောင်း, "ဆဝါ သတ္တ ဝါတိ ဝါသဒ္ဒေန ပဉ္စ ဝါတိ ဝုတ္တမေဝါတိ ဒဋ္ဌဗ္ဗံ, သုတ္တမုစ္ဆိတာဒိကာလေ ပဉ္စပိ ဟိ ဇဝန္တိ " ဟု ဝိသုဒ္ဓိမဂ် မဟာဋီကာ ခန္ဓနိဒ္ဒေသ၌ လည်းကောင်း မိန့်တော်မူကြပြီ။ [ဆောင်ပုဒ် ကို အခြေပြု၌ ရှူပါ။ ] ဇဝနာနုဗန္ဓာနိ စ ဒွေ တဒါရမဏပါကာနိ ။ ။ ဇောက အာရုံအရသာကို ခံစားပြီး ဖြစ်သောကြောင့် ဇော အဆုံးတွင် ဝိပါတ်ဝိညာဉ်သည် ဘဝင်ကိစ္စတပ်၍ ဖြစ်ထိုက်ပါသော်လည်း တသွင်သွင် စီးဆင်းနေသော ရေအယာဉ် သည် အဟုန်ဖြင့် ခုတ်လာသော သင်္ဘော နောက်သို့ အနည်းငယ် လိုက်သွားသကဲ့သို့ , ထို့အတူ အဟုန်ကောင်းသော ဇော၏ နောက်သို့ နှစ်ကြိမ်ခန့်မျှ တဒါရုံ ကိစ္စ တပ်လျက် လိုက်ပါသွားလေ၏၊ ထို့ကြောင့်ပင် ဝိပါတ်စိတ်တို့သည် ယူရိုးယူစဉ် ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံကို မယူပဲ ဇော၏ နောက်သို့ လိုက်၍ ဇော၏ အာရုံကို ယူသည့်အတွက် "တဿ အာရမဏံ အာရမဏံ ယဿ" ဟူသော ဝစနတ္ထအရ "တဒါရမဏ" ဟု မှည့်ခေါ်ရသည်။ [တဒေတံ ဇဝနာဝသာနေ ဘဝင်္ဂဿ အာရမဏေ ပဝတ္တနာရဟံ သမာနံ တဿ ဇသနဿ အာရမဏံ အာရမဏံ ကတွာ ပဝတ္တတ္တာ တဒါရမဏန္တိ ပဝုစ္စတိ၊ _ ဝိသုဒ္ဓိမဂ်။] ယထာရဟံ ပဝတ္တန္တိ ။ ။ တဒါရုံ တို့မည်သည် ကာမဇော, ကာမသတ္တဝါ, အတိမဟန္တ _ ဝိဘူတဖြစ်သော ကာမအာရုံ, ဤသုံးချက်စုံမှ ကျနိုင်ကြောင်းကို "ကာမေ ဇဝနသတ္တာ, လဗ္ဗာနံ နိယမေ သတိ" စသည်ဖြင့် ဆိုလတ္တံ့ ၊ ထိုသုံးပါးသော အကြောင်းတို့တွင် "ဧကူနတ္တိံ သကာမာဝစရဇဝနေသု" ပါဉ်ဖြင့် ကာမဇော ဖြစ်ကြောင်း ကို လည်းကောင်း, " ဧကစိတ္တက္ခဏာတီတကံ ရူပါရမဏံ" ဖြင့် ကာမ အတိမဟန္တာရုံ ဖြစ်ကြောင်း ကို လည်းကောင်း ထင်ရှားစွာ ပြပြီးဖြစ်၍ ပုဂ္ဂိုလ် အလိုက် ဖြစ်ထိုက် /မဖြစ်ထိုက် ကို စိစစ်ဖို့ရန် "ယထာရဟံ " ဟု မိန့်၏၊ "ကာမဘုံသား ပုဂ္ဂိုလ် ဖြစ်မှလည်း တဒါရုံ ကျမည်၊, ကာမ ပုဂ္ဂိုလ် မဟုတ်လျှင် မကျ" ဟူလို ၊ ရှေးဆရာတို့ ကား " ယထာရဟန္တိ အာရမဏဇဝနသတ္တာနုရူပံ " ဟု အကြောင်း သုံးပါးလုံး စုံ /မစုံအလိုက် ဖြစ်ထိုက် /မဖြစ်ထိုက် ကို ဖွင့်ဆိုကြ၏၊ အကြောင်းနှစ်ပါးကား တိုက်ရိုက် ပြပြီး၍ ထိုဆရာတို့ စကားကို စဉ်းစားကြပါလေ။ တတော ပရံ ဘဝင်္ဂပါတော ။ ။ ဘဝင်အစဉ် ဖြစ်နေရာဝယ် အာရုံ အသစ် တစ်ခု ပေါ်လာ၍ ဝီထိစိတ် ဖြစ်ခြင်းကို "ဘဝင်္ဂတော ဥတ္တရဏံ=အာရုံအသစ်ကို ယူလျက် ဘဝင်မှ တက်ခြင်း" ဟု အဋ္ဌကထာ ဆို၍ ဝီထိစိတ် အပြတ်တွင် တဖန် ဘဝင်ဖြစ်ခြင်းကို "ဘဝင်္ဂေါတ္တရဏံ_ ဘဝင်သို့ သက်ခြင်း၊ ဘဝင်္ဂပါတ _ ဘဝင်ဖက်သို့ ±±±±±±±±±±±±±±±±±±±±±±±±±±±± စိတ်ဖြစ်ပေါ်လာပုံ စာ_၂၂၉ စိတ်အစဉ်ကျခြင်း၊ ဘဝင်္ဂပ္ပဝေသန_ ဘဝင်ဖက်သို့ စိတ်အစဉ် သက်ဝင်ခြင်း" ဟု စကားသုံးသည်၊ အချုပ်မှာ _ ဝီထိ စိတ် ဖြစ်နေခြင်းသည် စိတ်အစဉ် တက်ကြွနေသကဲ့သို့ ဖြစ်၏၊ ဘဝင်အစဉ် ဖြစ်ခြင်းကား စိတ်အစဉ် ငြိမ်လျက် သက်ဝင် နိမ့်ကျနေသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် "ဘဝင်္ဂပါတော _ ဘဝင်ကျခြင်း" ဟု ဆိုရသည်၊ စင်စစ်မှာ _ ဘဝင်စိတ်အစဉ် ဖြစ်ခြင်းသာတည်း၊ ပရမတ္ထဒီပနီ ကား _ စိတ်အစဉ် သည် အာဝဇ္ဇန်းမှ စ၍ စတုတ္ထဇော တိုင်အောင် ထူထောင်တက်ကြွသကဲ့သို့ ဖြစ်နေရာ ပဉ္စမ ဇော မှ တဖြည်းဖြည်း စ၍ အကျတွင် ဒုတိယတဒါရုံ၏ နောက်၌ အရှိန် ကုန်သဖြင့် အလုံးစုံ ကျသောကြောင့် "ဘဝင်္ဂပါတ " ဟု ဆိုရကြောင်းကို အဓိပ္ပါယ် ပြသည်။ စိတ်ဖြစ်ပေါ်လာပုံ ။ ။ ပြအပ်ခဲ့ပြီးသော စိတ်များသည် အခွင့်သာလျှင် သင့်ရာမှာဖြစ်ဖို့ ခန္ဓာကိုယ် အတွင်း၌ စုဝေးတည်ရှိနေသည်မဟုတ်၊ အပြင်ဘက်မှာ တစ်စုံတစ်ခု သော နေရာ ၌ စုပေါင်း သိမ်းဆည်း နိုင်သူလည်း မရှိ၊ ဝတ္ထု အာရုံ မနသိကာရ စသော ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံ မိကြသောအခါမှ ရုတ်ခနဲ ဖြစ်ပေါ် လာကြပေသည်၊ ဥပမာ_ နေအရှိန် ကျရောက်က မီးထ၍တောက်သော "သူရိယကာန္တ" ခေါ်သော ကျောက်တစ်မျိုး ရှိ၏၊ မီးသည် နေရောင်မှာလည်းမရှိသေး၊ သူရိယကာန်ကျောက်မှာလည်းမရှိသေးချေ၊ သို့သော် နေရောင်နှင့် သူရိယကာန်ကျောက်တို့ ပေါင်းဆုံ မိသောအခါ ဓာတ်သဘာဝအလျောက် မီးထ၍ တောက်သကဲ့သို့တည်း၊ သူရိယကာန္တကျောက်နှင့် မှီရာဝတ္ထု , နေရောင်နှင့် အာရုံ, မီးပေါ်လာပုံနှင့် စိတ်ပေါ်လာပုံတို့ တူကြပေသည်၊ ဓာတ်ဖိုကြိုးနှင့် ဓာတ်မကြိုးတို့ ထိမိကြသောအခါ ဓာတ်မီးထွက်လာပုံမှာလည်း ဤနည်းပေတည်း။ မဏိန္ဓနာတပေ အဂ္ဂိ, အသန္တောပိ သမာဂမေ၊ ယထာ ဟောတိ တထာ စိတ္တံ, ဝတ္ထာလမ္ဗာဒိသင်္ဂမေ။ မဏိန္ဓနာတပေ _ သူရိယကာန္တာ, ကျောက်လောင်စာနှင့် ကျောက်ဝါဝင်းထိန်, နေအရှိန် သည်၊ သမာဂမေ _ အကြောင်းစုံ၍, ပေါင်းစုံတွေ့သည်ရှိသော်၊ အဂ္ဂိ _ မီးသည်၊ အသန္တောပိ_ ကျောက်ရော နေမှာ, မရှိသေးပါသော်လည်း၊ ဟောတိ ယထာ_ ဓာတ်သဘော အလျောက် , ပေါ်ပေါက်ရသကဲ့သို့ ၊ တထာ _ထို့အတူ ၊ စိတ္တံ_ အာရုံစုစု, သိမှူသဘော, စိတ်ဟူသော ဓာတ်တစ်မျိုးသည်၊ အသန္တံပိ_ အခွင့်သာလျှင်, သင့်ရာပေါ်ရေး, စုဝေးသောအား, ထင်ရှားပြီးမဟုတ်ပါသော်လည်း၊ ဝတ္ထာလမ္ဗာဒိသင်္ဂမေ_ ဝတ္ထုအာရုံ ,စသည်ဆုံ၍, တွေ့ကြုံကြသည်ရှိသော်၊ ဟောတိ _ မကြုံစတောင်း, မယုံကောင်းမျှ, အကြောင်းအားလျော်စွာ, ဖြစ်ပေါ်လာရပေသတည်း။(သစ္စသံခိပ် ) ဝီထိစဉ်နှင့် သရက်ဥပမာ။ ။ "ကြံညစ်သူများ, တံခါးစောင့်သူ, ပင့်ကူသရက်, ပုံမပျက်, မိန့်မြွက်ဋ္ဌကထာ"....ဟူသည့်အတိုင်း သရက်ဥပမာ ကိုသာ ထုတ်ပြပေအံ့။ ×××××××××××××××××××××÷÷÷÷÷÷ သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၃၀ [ဆောင်] မှတ်လော့မျက်မြင်, ကွက်ကွက်ထင်စိတ်,.....သရက်ပင်အောက်, လူတစ်ယောက်၏, ရှေးက နောက် ခေါင်းမြီး, ခြုံ၍ပြီးသော်, အိပ်ပျော်လေငြား, ကြွေသံအားကြောင့်, နိုးကြားသဖြင့်, ခေါင်းခြုံဖွင့်၍, ကြည့်လင့်မြင်ရာ, ယူကာနှိပ်စမ်း, ရှူကာနမ်းလျက်, မှည့်မှန်းသိသော်, ရွှင်ပျော်သုံးစား, ရသာပွား၍, မျိုငြားလေပြီး, ရှေးနည်းအိပ်အင်, ပမာဆင်လော့။ ဘဝင်သည်ကား, အိပ်သောလားသို့, နီးပါးကြွေပုံ , အာရုံထိခိုက်, နိုးလိုက်သည့်ဟန်, အာဝဇ္ဇန်းတည်း၊ ဖွင့်လှန်ကြည့်မှူ, စက္ခုဝိညာဉ်, ယူငင်တစ်ခန်း, ပဋိစ္ဆန်းနှင့်, နှိပ်စမ်းသန္တီ_ ရဏမည်၏၊ မှတ်ပြီဝုဋ္ဌော, သုံးစားသောကား, ဇောအလားရှင့်၊ မျိုငြားလေပုံ, တဒါရုံ မှတ်, နောက်ထပ်အိပ်ပြန်, ဘဝင်ဟန်ဟု၊ ပြင်ရန် ပြုသူ, မရှိမူလည်း, မတူရှေ့နောင်, ကိစ္စဆောင်လျက်, ဖြစ်တိုင်းပျက်၍, ဆက်ဆက်စဉ်လာ, မမြင်ပါလည်း, ထင်စွာသဘော, စဉ်ကာနှောသည်...., အဟော နိယာမပေတကား။ ဘဝင်သည်ကား ၊ပေ၊ ဘဝင်ဟန်ဟု ။ ။ သတ္တဝါတိုင်း၌ ဝီထိစိတ် မဖြစ်မှီ ရှေးဦးစွာ ဘဝင်ကျနေခြင်းသည် လူတစ်ယောက်၏ သရက်ပင်အောက်၌ အိပ်ပျော်နေခြင်းနှင့် တူ၏၊ ဝီထိစိတ် ဖြစ်ပေါ်လာနိုင်ရန် ပသာဒ၌ အာရုံ၌ထိခိုက်ခြင်းသည် အနီးအပါး၌ သရက်သီးကြွေကျပုံနှင့် တူ၏၊ ဘဝင်အစဉ်ကို ဖြတ်၍ အာဝဇ္ဇန်းစိတ် ရှေးဦးစွာ ပေါ်လာခြင်းသည် သရက်သီးကြွေကျသံကြောင့် နိုးလာသည်နှင့် တူ၏၊ စက္ခုဝိညာဏ်စိတ် ဖြစ်၍ ရူပါရုံ ကို မြင်ခြင်းသည် ခေါင်းမြီးခြုံ ကို ဖွင့်၍ ကြည့်ခြင်းနှင့် တူ၏၊ သမ္ပဋိစ္ဆိုင်းစိတ်၏ ခံယူသကဲ့သို့ ဖြစ်ခြင်းသည် သရက်သီးကို လှမ်း၍ ယူငင်ခြင်းနှင့် တူ၏၊ သန္တီရဏ စိတ်၏ ထို ခံယူအပ်ပြီးသော အာရုံကို ဣဋ္ဌမှန်း အနိဋ္ဌမှန်း စုံစမ်းသကဲ့သို့ ဖြစ်ခြင်းသည် သရက်သီးကို မှည့်မှန်း မမှည့်မှန်း နှိပ်စမ်းခြင်းနှင့် တူ၏၊ ဝုဋ္ဌောစိတ်၏ ဣဋ္ဌပဲ, သို့မဟုတ် အနိဋ္ဌပဲဟု ပိုင်းခြားသတ်မှတ် ဆုံးဖြတ်သကဲ့သို့ ဖြစ်ခြင်းသည် နမ်းရှူကြည့်၍ မှည့်မှန်း သိရခြင်းနှင့် တူ၏၊ ဇောစိတ်၏ အာရုံ အရသာကို ခံစားခြင်းသည် မှည့်မှန်း သိလျက် အရသာခံလျက် စားနေခြင်းနှင့် တူ၏၊ တဒါရုံ စိတ်၏ ဇောနောက်လိုက်ကာ ဇော၏ အာရုံကို ယူခြင်းသည် မျိုချလိုက် ခြင်းနှင့် တူ၏၊ ထို့နောက် ဘဝင်ကျမြဲ ကျပြန်ခြင်းသည် ယခင် လူ၏ ထပ်၍ အိပ်မြဲ အိပ်ပြန်ခြင်းနှင့် တူသည်။ ပြင်ရန် ပြုသူ ၊ပေ၊ အဟော နိယာမပေတကား။ ။ ဤသို့ ဖြစ်ကြရာ၌ "သင်က ဘဝင်၏ အခြားမဲ့၌ အာဝဇ္ဇန်း ဖြစ်ရမည်, သင်ကား အာဝဇ္ဇန်း ၏ အခြားမဲ့၌ စက္ခုဝိညာဏ်စိတ် ဖြစ်ရမည်" စသည်ဖြင့် ပြုပြင်စီမံနိုင်သူ နတ် လူ ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မရှိချေ၊ ထိုသို့ မရှိဘဲလျက် ပြအပ်ခဲ့သော ဥပမာအရ ××××××××××××××××××××××××××××××× မဟန္တာရုံဝီထိ စာ- ၂၃၁ အာရုံ၏ ပသာဒ ၌ ထိခိုက်ခြင်း ကိစ္စ, အာဝဇ္ဇန်း ၏ ဘဝင်အစဉ်ကို ဖြတ်ခြင်း ကိစ္စ, စက္ခုဝိညဏ်၏ မြင်ခြင်း ကိစ္စ စသည်ကို ကိုယ်စီကိုယ်ငှ ရှေ့ နောက်မတူအောင် အသီးသီး ဆောင်ရွက်လျက် ရှည်လျားစွာ တစ်သီတစ်တန်းကြီး အချက်ကျအောင် ဖြစ်ပျက်နေပုံတို့သည် မျက်မြင်မဟုတ်စေကာမူ သဘာဝဓမ္မအလိုက် လွန်စွာထင်ရှားလျက် ရှိနေသောကြောင့် မကြံအပ် မကြံပိုင် မကြံနိုင်ဖွယ် လွန်စွာဆန်းကြယ်သော စိတ္တနိယာမကြီးပေတည်း။ [ဤ စိတ္တနိယာမနှင့် စပ်၍ နိယာမ (၅) ပါးကို ထုတ်ပြသင့်၏၊အဋ္ဌသာလိနီ အဗျာကတ ဝိပါကပဒအဖွင့်၌ ရှူပါ။] ~~~~~~~~~ မဟန္တာရုံဝီထိ *********** ယာဝ တဒါရမဏုပ္ပါဒါ ပန အပ္ပဟောန္တာတီကကမာပါတမာဂတံ အာရမပံ မဟန္တံ နာမ၊ တတ္ထ ဇဝနာဝသာနေ ဘဝင်္ဂပါတောဝ ဟောတိ၊ နတ္ထိ တဒါရမဏုပ္ပါဒေါ။ ယာဝ တဒါရမဏုပ္ပါဒါ ၊ပေ၊ အပ္ပဟောန္တာတီတကံ ။ ။ ယာဝ တဒါရမဏုပ္ပါဒါ ကို အပ္ပဟောန္တ၌စပ်၊ ထင်လာသော အာရုံသည် တဒါရုံ ဖြစ်သည့်တိုင်အောင် (ဌီအခိုက်၌ တည်နေခြင်းငှါ )မစွမ်းနိုင်၊ "တဒါရုံ မဖြစ်မှီ ချုပ်ရမည်" ဟူလို၊ ဆိုင်ရာဒွါရ၌ မထင်နိုင်ပဲ လွန်သွားသော အာရုံကို "အတီကက" ဟု ခေါ်၏၊ ထို အတီကကသည် ပဟောန္တာတီကက အပ္ပဟောန္တာတီကက ဟု နှစ်မျိုးရှိ၏၊ ထိုတွင် အတိမဟန္တာရုံလည်း မထင်နိုင်သေးဘဲ စိတ္တက္ခဏတစ်ချက်ခန့်မျှ လွန်ခဲ့၏၊ ထို လွန်ခြင်းသည် တဒါရုံ ဖြစ်သည့်တိုင်အောင် တည်ခြင်းငှါ စွမ်းနိုင်သော ပဟောန္တာတီကက ဖြစ်၏၊ ဤ မဟန္တာရုံ၏ လွန်ခြင်းကား စိတ္တက္ခဏ(၂) ချက်ခန့် (၃) ချက်ခန့် လွန်ခြင်းဖြစ်၍ တဒါရုံဖြစ်သည့်တိုင်အောင် တည်ခြင်းငှါ မစွမ်းနိုင်သော အပ္ပဟောန္တာတီကကတည်း၊ နောက် "အပ္ပဟောန္တာတီကက " ဟု လာသမျှ၌ ဤ အဓိပ္ပါယ် ကိုချည်း မှီပါ။[န ပဟောတိ_ မစွမ်းနိုင်၊ ဣတိ_ ထို့ကြောင့် ၊ အပ္ပဟောန္တံ _ မည်၏၊ အပ္ပဟောန္တံ _ မစွမ်းနိုင်သည်၊ ဟုတွာ _ ဖြစ်၍၊ အတီတကံ _ လွန်သောအာရုံတည်း၊ အပ္ပဟောန္တာတီတကံ _ အာရုံ၊ ပဟောန္တ၌ ပရှေးရှိသော "ဟု" ဓာတ်၊ တစ်နည်း _ "ပဟု" ဓာတ်တည်း ။] စိတ္တက္ခဏ (၂) ချက်ခန့် (၃) ချက် လွန်မှ ထင်ပုံ ။ ။ အဘယ်ကြောင့် ဤ မဟန္တာရုံသည် ဥပါဒ် ပြီးနောက် စိတ္တက္ခဏ (၂) ချက်ခန့် (၃) ချက်လွန်မှ ထင်လာနိုင်သနည်းဟု မေး၊ အဖြေကား _ ရူပါရုံ ထင်ခြင်း၏ အကြောင်း (၃) ပါးတို့တွင် ရူပါရုံ ဖြစ်စေ , စက္ခုပသာဒဖြစ်စေ , အာလောကဖြစ်စေ, အတိမဟန္တာရုံ တုန်းကလောက် အားမကောင်းသောကြောင့် ဤ မဟန္တာရုံသည် ဥပါဒ် ပြီးနောက် စိတ္တက္ခဏ (၂) ချက် (၃) ချက်ခန့် လွန်မှ ထင်လာနိုင်သည်။ ±±±±±±±±±±±±±×××××±±±±±±±±±±±± MMOO:-)

No comments:

Post a Comment