Saturday, July 16, 2016
ပကိဏ်းပိုင်း ဘာသာဋီကာ နှာ. ၁၉၆. ၁၉၇. ၁၉၈
...
နှာ ၁၉၆
အာရုံမဟုတ် ၊ အသညသတ်ဘုံသို့ မရောက်မီ ရှေးရှေးဘဝက ပြုခဲ့၍ ယခု ပဋိသန္ဓေကျိုးကို ပေးခွင့်ကြုံသော အပရာပရိယဝေဒနိနယကံသည် ထင်စေအပ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတွင်တစ်ပါးပါးဖြစ်သည် ။
ဘဝန္တရကတံ ကမ္မံ, ယမေယကာသံ လဘေ တတော၊
ဟောတိ သာ သန္ဓိ တေနေဝ, ဥပဋ္ဌာပိတဂေါစရေ။
ဘဝန္တရကတံ_ အသညသတ်ဘုံမရောက်မီ, တစ်ပါးသောဘဝဆီက ပြုအပ်ခဲ့သော၊ ယံ ကမ္မံ_ အကြင်ကံသည်၊ သြကာသံ_အကျိုးပေးခွင့်ကို၊ လဘေ_ရ၏၊ တတော_ ထို့သို့ဖြစ်ရခြင်းကြောင့်၊ သာသန္ဓိ_ အသညသတ်မှစုတေ၍ ကာမဘုံ၌ဖြစ်လာသော သတ္တဝါ၏ ထိုပဋိသန္ဓေသည်၊ တေနေဝ_ ထိုအကျိုးပေးခွင့်ရသောကံသည်သာလျှင်၊ ဥပဋ္ဌာပိတဂေါစရေ_ ထင်စေအပ်သောအာရုံ၌ ၊ ဟောတိ_ ဖြစ်၏။_သစ္စသံခိပ်။
ထို့ပြင်_အရုပဘုံသည် ရုပ်ကို စက်ဆုပ်ရာဘုံတည်း၊ ထို့ကြောင့် ထိုဘုံမှစုတေ၍ ကာမဘုံသို့လာသောအခါ ကာမပဋိသန္ဓေ ၏ အာရုံသည် ကံအာရုံဖြစ်လျှင် အရူပဘုံက မရဏသန္နဇောတို့ ယူနိုင်ဖွယ်ရှိ၏၊ ဂတိနိမိတ်နှင့် ရုပ်ကမ္မနိမိတ်ဖြစ်လျှင် အရူပဘုံက မရဏသန္နဇောတို့ မယူနိုင် ၊ "အကျိုးပေးမယ့် ကံ၏အစွမ်းကြောင့် ထင်လာစေအပ်သောအာရုံသာဖြစ်သည် " ဟု ပဋ္ဌာန်းအနုဋီကာဆိုသည်။ [ ကာမဝိပါတ်တို့သည် ပရမတ်ဖြစ်သော ကာမတရားကိုသာ အာရုံပြုသောကြောင့် " ပညတ်ကမ္မနိမိတ်များကို ကာမပဋိသန္ဓေ ကအာရုံပြုလေရော့သလား " ဟု ယုံမှားဖွယ်မရှိ။ ]
[ဆောင်] အသညမှ , စုတိကျ၍ ,ကာမသန္ဓေ စွဲကပ်နေသော် , စုတေနီးတုံ , ထိုသည့်ဘုံ၌ , အာရုံယူမည့် , ဆဒွါရိက , ဇောမရခဲ့၊ အရူပဝယ် , စုတေရွယ်လည်း , ရုပ်နွယ်ဟူသမျှ , ကမ္မ_ဂတိ , နိမိတ်နှစ်ခု , မရမှုကြောင့် , ယေဘူယျေန , ဆရာပြသည် ,..........
ထင်ကြအာရုံကံကြောင့်တည်း။
သေသာနိ ကာမာဝစရဝိပါကာနိ ဟသနစိတ္တဉ္စေတိ သဗ္ဗထာပိ၊ ပေ၊ ရမဏာနေဝ။ ။သဗ္ဗထာပိ အရ ပဋိသန္ဓေ ဘဝင် စုတိကိစ္စအပြား, တဒါရုံ သန္တီရဏ ဇောကိစ္စအပြား, ရူပါရုံစသော.အာရုံ(၆)မျိုး အပြားကို ယူ ၊ "ကာမာဝစရာ ရမဏာနေဝ " ၌ ဧဝသဒ္ဒါဖြင့် မဟဂ္ဂတာရမဏ အပ္ပမာဏာရမဏ ပညတ္တာရမဏ မရှိဟု ကန့်သည်၊ ထိုစကားမှန်၏ _ အာရုံသည် အချုပ်အားဖြင့် ကာမ, မဟဂ္ဂုတ်,လောကုတ္တရာ,ပညတ် ဟု လေးမျိုးသာရှိ၏ ၊ "ပဉ္စဝီသ ပရိတ္တမှိ " စသောဂါထာ၌ " ပရိတ္တမှိ " စသည်ကို ကြည့်ပါ၊ တစ်မျိုးနောင်ထိုင်သော ဧဝသဒ္ဒါဖြင့် တွဲဖက်ဖြစ်သော အခြား အမျိုးများကို ကန့်ရိုးတည်း ။
အကုသလာနိစေဝဉာဏဝိပ္ပယုတ္တကာမာဝစရဇဝနာနိ၊ပေ၊သဗ္ဗမရဏာနိ ။ ။လောကုတ္တရာတရားတို့သည် အလွန်နက်နဲကုန်၏၊ မနောဒွါရဝဇ္ဇန်းမှ တစ်ပါး
နှာ.. ၁၉၇
လောကုတ္တရာတရားကို အာရုံပြုသောစိတ်မှန်လျှင် ဉာဏ်နှင့်ယှဉ်မှသာ အာရုံပြုနိုင်စရာရှိ၏ ၊ ထို့ကြောင့် အကုသိုလ်စိတ်နှင့် ဉာဏဝိပ္ပယုတ် မဟာဝိပါတ်တို့သည် လောကုတ္တရာကိုချန် ကျန်တရားကိုသာ အာရုံပြုကြသည်။
ဉာဏသမ္ပယုတ္တ၊ပေ၊အရဟတ္တမဂ္ဂဖလဝဇ္ဇိတသဗ္ဗာရမဏာနိ ။ ။ ကုသိုလ်တို့သည် ပုထုဇဉ် သေက္ခပုဂ္ဂိုလ်သန္တာန်၌သာ ဖြစ်ရကား ရဟန္တာ သန္တာန်၌သာဖြစ်လေ့ရှိသော အရဟတ္တမဂ် အရဟတ္တဖိုလ် ကို အာရုံမပြုနိုင်၊ အဘယ့်ကြောင့်နည်း _ ပုထုဇဉ် သေက္ခတို့က ထိုအရဟတ္တမဂ်ဖိုလ်ကို မရဘူးသေးသောကြောင့်တည်း၊ ဤစကားကိုထောက်၍ အောက်တန်းပုဂ္ဂိုလ်များသည် မိမိတို့ မရအပ်ဘူးသေးသော အထက်တန်းတရားကို မသိနိုင်ကြောင်း ထင်ရှား၏၊ ဥပမာ_ သကဒါဂါမ်ပုဂ္ဂိုလ်သည် အနာဂါမ်ပုဂ္ဂိုလ်၏ အနာဂါမိမဂ်ဖိုလ်ကို မသိနိုင်၊ပေ၊ပုထုဇဉ်သည် သောတာပန်၏ သောတာပတ္တိမဂ်ဖိုလ်ကို မသိနိုင် ၊ မိမိရအပ်ပြီးသောတရားနှင့် အလားတူတရား , အောက်တန်းတရားများကိုသာ သိနိုင်ကြသည် ၊ ထို့ကြောင့် "ဉာဏသမ္ပယုတ် ကာမကုသိုလ် ဇောနှင့် ကုသိုလ်အဘိညာဉ်ဇောတို့သည် အရဟတ္တမဂ်ဖိုလ်ကြဉ်၍ အလုံးစုံ အာရုံပြုနိုင်သည် " ဟုဆိုရာ၌ အနာဂါမ်ပုဂ္ဂိုလ်တို့ သန္တာန်ဖြစ်မှသာ ထိုအားလုံးကိုအာရုံပြုနိုင်မည်၊ သကဒါဂါမ်သန္တာန်၌ဖြစ်လျှင် အနာဂါမိမဂ်ဖိုလ်ကို ထပ်၍ကြဉ်၊ပေ၊ပုထုဇဉ်သန္တာန်၌ဖြစ်ခဲ့လျှင် မဂ် ဖိုလ် အားလုံးကို ကြဉ်ပါ။
တိကဂုင်္တ္တိုရ်ဋ္ဌ။ ။ တတ္ထ ပုထုဇ္ဇနော စေတောပရိယဉာဏလာဘီ ပုထုဇ္ဇနာနံ ယေဝ စိတ္တံဇာနာတိ, န အရိယာနံ၊ အရိယေသုပိ ဟေဋ္ဌိမော ဥပရိမဿ စိတ္တံ န ဇာနာတိ, ဥပရိမော ပန ဟေဋ္ဌိမဿ ဇာနာတိ ။
၎င်းဋီကာ။ ။ န အရိယာနံတိ အရိယာနံ မဂ္ဂဖလစိတ္တံ န ဇာနာတီတိ အတ္ထော၊ တံ ဟိ တေန အနာဓိဂတတ္တာ စေတောပရိယညာဏေနာပိ န သက္ကာ ဝိညာတုံ ၊ အညမ္ပိ စိတ္တံ ဇာနာတိယေဝ၊ ဟေဋ္ဌိမော ဥပရိမဿ စိတ္တံ န.ဇာနာတီတိ အာဒီနိပိ မဂ္ဂဖလစိတ္တမေဝ သန္ဓာယ ဝုဋ္ဌာနီတိ ဝေဒိတဗ္ဗာနိ။
ပရမတ္ထဒီပနီအဆို ။ ။ မည်သည့်ပုဂ္ဂိုလ်မဆို မဟဂ္ဂုတ် ဈာန်ကို မရဘူးလျှင် မဟဂ္ဂုတ်စိတ်ကို အာရုံမပြုနိုင်၊ အောက်အောက် ဈာန်ကိုသာ ရသူလည်း အထက်အထက် ဈာန်ကို ရအောင် အားထုတ်၏၊ ကျမ်းပြုဆရာ, စာချဆရာတို့လည်း ထိုဈာန်စသည်တို့၏သဘောကို ပြောဟောပို့ချ ရေးသားကြ၏၊ ထိုပုဂ္ဂိုလ်အားလုံးပင် ဈာန်စသည်ကို တိုက်ရိုက်ထိမိအောင် အာရုံပြုနိုင်ကြသည် မဟုတ်၊ ထိုဈာန်စသည်တို့၏ အခြင်းအရာအာကာရပညတ်ကိုသာမှန်း၍ အနုမာနဉာဏ်ဖြင့် အာရုံပြုနိုင်ကြသည်ဟု ပရမတ္ထဒီပနီဆို၏၊ " ပရမတ္ထစိတ္တဝိဒူဖြစ်သော မာန်နတ်သည် ဈာန်ကို မရဘဲလျှက် ရုပဈာန်ကို အာရုံပြုနိုင်၏ "ဟု အဂုင်္တ္တိုရ် နဝကနိပါတ်
နှာ.. ၁၉၈
မဟာဝဂ် အဋ္ဌမသုတ်၌ ဆိုထားကြောင်းကိုလည်း ထိုဒီပနီ၌ပင် ညွှန်ပြသဖြင့် အချို့ထက်မြက်သူများကား "မိမိ မရအပ်သော လောကီဈာန်ကို အာရုံပြုနိုင်သေး၏ " ဟုလည်း ခြွင်းချင်မှတ်သားရာ၏။
ဉာဏသမ္ပယုတ္တကာမဝစရကြိယာနိ စေဝ၊ပေ၊ သဗ္ဗာရမဏာနိ။ ။ သဗ္ဗာရမဏာနိ၌ သဗ္ဗအရကား ကာမ, မဟဂုတ် ,လောကုတ္တရာ ,ပညတ် ဟူသော အာရုံအမျိုးအစားလေးပါးလုံးကိုရသည်၊ အဇ္ဈတ္တ ဗဟိဒ္ဓစသောအပြားတို့ကား ဤလေးမျိုးမှ တစ်ဆင့်ဖြာသော အပြားများတည်း၊ ထို့ကြောင့် သင်္ဂဟဂါထာ၌ ဤလေးမျိုးကိုသာ ပြလတ္တံ့၊ သဗ္ဗထာအရကား_ ကာမအာရုံဟူသမျှအားလုံးသောအပြား, မဟဂ္ဂုတ် အာရုံဟူသမျှ အားလုံး, လောကုတ္တရာ အာရုံဟူသမျှ အားလုံး, ပညတ်ဟူသမျှ အားလုံးသောအပြားတို့ကို ရ၏၊".အာရုပ္ပဒုတိယ စတုတ္ထစိတ်တို့သည် မဟဂ္ဂုတ်ကို အာရုံပြုသည်" ၊ ဟု ဆိုရာ၌ မဟဂ္ဂုတ်အားလုံးမဟုတ်၊ မဟဂ္ဂုတ် တစ်စိတ်ကိုသာ အာရုံပြုသည်၊ ဤဉာဏသမ္ပယုတ် ကာမကြိယာဇော (၄) ,ကြိယာအဘိညာဉ် ဝုဋ္ဌောတို့ကား ကာမအားလုံး၊ပေ၊ ပညတ်အားလုံးကို အာရုံပြုနိုင်၏ ၊ အခြားစိတ်များလို တစ်စိတ်တစ်ဒေသမဟုတ် _ဟူလို ၊ သို့သော် ဤ စိတ် (၆)ပါး၏ အလုံးစုံကို အကုန်မချန် အာရုံပြုနိုင်မှုလည်း ဘုရားရှင်၏ သန္တာန်တော်၌ ဖြစ်ခိုက်သာဖြစ်နိုင်၏၊ ထိုစကားမှန်၏_ အလုံးစုံကို အကုန်သိနိုင်မှုမှာ သဗ္ဗညုတဉာဏ်တော်၏ အရာသာတည်း၊ သဗ္ဗညုတဉာဏ်ဟူသည်လည်း မဝါကြိယာဉာဏသမ္ပယုတ် (၄)ပါး၌ရှိသော ပညာစေတသိက်တည်း။ [သဗ္ဗညုတဉာဏံ၊ပေ၊တံဟိ စတူသု ဉာဏသမ္ပယုတ္တမဟာကြိယစိတ္တေသု လဗ္ဘတိ၊ .......သီလက္ခန် ဋ္ဌ။ ]
ဤသဗ္ဗညုတ ဉာဏဝီထိကျသောအခါ ဝုဋ္ဌောက မနောဒွါရဝဇ္ဇန်း ကိစ္စတပ်ရသောကြောင့် ဝုဋ္ဌောလည်း သဗ္ဗညုတညာဏ်သိသမျှကို ဆင်ခြင်နိုင်ပေသည်၊ ထို့အတူ အဘိညာဉ်လည်းပုဗ္ဗေနိဝါသနုဿတိ အနာဂတံသအဘိညာဉ်ဖြစ်သောအခါ မိမိ သူတစ်ပါးတို့၏ ရှေ့နောက် အဖြစ်အပျက်အားလုံကို သိနိုင်၏၊ ထိုစိတ် (၆ )ပါးသည် ဘုရားမှတစ်ပါး အခြားသူတို့သန္တာန်၌ ဖြစ်ခိုက်မှာ အလုံးစုံကို ကုန်စင်အောင် အာရုံမပြုနိုင်၊ ပစ္စေကဗုဒ္ဓါ ပင်သော်လည်း ပညတ်အားလုံးကို ကုန်အောင်သိတော်မမူ။
မှတ်ချက် ။ ။ "သဗ္ဗညုတဉာဏ်ဟူသည် အရဟတ္တမဂ်ပညာတည်း " ဟုဆိုမှားမှု , မဟာကြိယာသောမနဿဉာဏသမ္ပယုတ်၌ရှိသော ပညာဟု မစုံမလင်ဆိုမှုများကို မမှတ်သားအပ်၊ " သဗ္ဗညုတဉာဏ်သည် တစ်ဝီထိတည်းဖြင့် အာရုံအားလုံးကို တပြိုင်နက်သိ၏ ,သဗ္ဗညုတဉာဏ်တော်သည် အာရုံအားလုံးကို အမြဲသိနေ၏ " ဟူသော ဝါဒများကိုလည်း.မမှတ်သားအပ် ၊ ဆင်ခြင်လိုက်သောအခါ
nt
Subscribe to:
Post Comments (Atom)
No comments:
Post a Comment