Saturday, July 16, 2016

သင်္ဂြိုဟ်ဘာသာဋီကာ ဝီထိပိုင်းဘာသာဋီကာ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ စာမျက်နှာ၂၇၈-၂၈၁ တထာ သေက္ခပုထုဇ္ဇနာနံ ကြိယာ ဇဝနာနိ။ ။သိက္ခန္တီတိ သေက္ခာ၊ သီလ သမာဓိ ပညာဟူသောသိက္ခာသုံးပါး၌ ကျင့်ကြံကြိုးကုတ်အားထုတ်ဆဲ(အားထုတ်၍ မပြီးတတ်သေးသော)ပုဂ္ဂိုလ်များကို "သေက္ခပုဂ္ဂိုလ်"ဟု ခေါ်၏၊ ထိုသေက္ခပုဂ္ဂိုလ်သည် မဂ္ဂဋ္ဌ(၄)ပါး, အောက်ဖလဋ္ဌ(၃)ပါးဟု (၇)ပါးရှိသော်လည်း မဂ္ဂဋ္ဌသေက္ခများအတွက် သီးခြားဆိုလတ္တံ့ဖြစ်သောကြောင့် ဤဝါကျ၌ "သေက္ခ"အရ အောက်ဖလဋ္ဌ(၃)ပါးကိုသာ ယူပါ၊ အခြားပုထုဇဉ်တို့ကို ပြအပ်ပြီးဖြစ်သောကြောင့် "ပုထုဇ္ဇန"အရလည်း တိဟိတ်ပုထုဇဉ်ကိုသာ ယူပါ၊ ထိုသေက္ခ ပုထုဇဉ်တို့သန္တာန်၌ ရဟန္တာများနှင့်သာ သက်ဆိုင်သော ကြိယာဇောများကို မရထိုက်၊ [ကြိယာဇောမည်ပုံ, ရဟန္တာများသန္တာန်၌သာ ဖြစ်ရပုံကို စိတ်ပိုင်း ကြိယာစိတ်အဖွင့်ကိုပြန်ကြည့်၊ "မဂ္ဂေ+ဌိတော မဂ္ဂဋ္ဌာ, ဖလေ+ဌိတော ဖလဋ္ဌော"အရ မဂ်၌တည်သူကို မဂ္ဂဋ္ဌ, ဖိုလ်၌တည်သူကို ဖလဋ္ဌဟု ခေါ်၏၊ မဂ္ဂဋ္ဌာန်, ဖလဋ္ဌာန်"ဟု ခေါ်ဝေါ်ကြသည်မှာ ကျမ်းဂန်လာ မဟုတ်။] ဒိဋ္ဌိဂတသမ္ပယုတ္တဝိစိကိစ္ဆာဇနဝနာနိ စ သေက္ခာနံ။ ။ဒိဋ္ဌိဂတသမ္ပယုတ်ဝိစိကိစ္ဆာသဟဂုတ်စိတ်တို့ကို သောတာပတ္တိမဂ်တုန်းက ပယ်ခဲ့ပြီးဖြစ်၍ သေက္ခပုဂ္ဂိုလ်တို့သန္တာန်၌ ထိုဇောများလည်း မရထိုက်၊ "ဝိစိကိစ္ဆာဇဝနာနိ စ"၌ စသဒ္ဒါဖြင့် ဆိုအပ်ပြီးသော ကြိယာဇော မရကြောင်းကို ပြန်၍ ပေါင်းဆည်းသည်။ အနာဂါမိပုဂ္ဂလာနံ ပန ပဋိဃဇဝနာနိ စ။ ။အနာဂါမိမဂ်က ဒေါသဇောကို ပယ်ပြီးဖြစ်၍ အနာဂါမိပုဂ္ဂိုလ်သန္တာန်၌ ဒေါသမူဒွေးလည်း မရ၊ ပဋိဃဇဝနာနိ စ၌ စသဒ္ဒါဖြင့် ဆိုခဲ့ပြီးသော ကြိယာဇော, ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာဇောတို့ကို ပြန်၍ ပေါင်းဆည်း၏၊ ဤ၌ အနာဂါမ်ကို သီးခြားဆိုထားသောကြောင့် "ဝိစိကိစ္ဆာဇဝနာနိ စ သေက္ခာနံ"ဝါကျ၌ သေက္ခအရ သောတာပတ္တိဖလဋ္ဌနှင့်သကဒါဂါမိဖလဋ္ဌ သေက္ခနှစ်ပါးကိုသာ ယူရသည်။ လောကုတ္တရဖထဝနာနိ စ ယထာသကံ အရိယာနမေဝ။ ။သောတာပတ္တိမဂ်ဇောသည် မိမိဥစ္စာဖြစ်သော သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်၏, သောတာပတ္တိဖိုလ်ဇောသည် သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်၏, စသည်ဖြင့် သိပါ၊ ဤ အရာဝယ် မေးခွန်းသုံးချက်သွင်း၍ ရှင်းလင်းပြအံ့။ [မေး] မဂ်ဇောတို့သည် အဘယ့်ကြောင့် မိမိဆိုင်ရာ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်သနည်း၊ အဖြေကား-မဂ်တို့သည် စိတ္တလက္ခဏတစ်ချက်မျှသာ ရှိသောကြောင့် မိမိဆိုင်ရာ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်သည်၊ အကယ်၍ စိတ္တလက္ခဏ(၂)ချက် (၃)ချက်စသည်ဖြင့် အထပ်ထပ် ဖြစ်ကောင်းလျှင် ဖလဋ္ဌပုဂ္ဂိုလ်သန္တာန်၌လည်းကောင်း, အထက်မဂ္ဂဋ္ဌပုဂ္ဂိုလ်သန္တာန်၌လည်းကောင်း, ကူးပြောင်း၍ ဖြစ်ရာ၏၊ မဂ်တို့သဘောမှာ စိတ္တက္ခဏတစ်ချက်မျှဖြင့် ကိစ္စပြီးသောကြောင့် ထိုကဲ့သို့ ကူးပြောင်း၍ မဖြစ်ကောင်းတော့ပြီ-ဟူလို။ [မေး] အောက်အောက် ဖလဋ္ဌပုဂ္ဂိုလ်များ၏သန္တာန်၌ အထက်အထက် ဖိုလ်ဇောများ ဘာကြောင့် မဖြစ်သနည်း၊ "သောတာပတ္တိဖလဋ္ဌ၌ သကဒါမိဖိုလ်ဇောစသည်တို့လည်း ဘာကြောင့် မဖြစ်သနည်း"ဟူလို၊ အဖြေကား-အောက်အောက်ပုဂ္ဂိုလ်များက အထက်အထက်ဖိုလ်ကို မရဘူးသေးသောကြောင့် အောက်အောက်ဖလဋ္ဌတို့သန္တာန်၌ အထက်အထက် ဖိုလ်ဇောများ မရထိုက်။ [မေး] သို့ဖြစ်လျှင် အထက်အထက် ဖလဋ္ဌတို့သန္တာန်၌ အောက်အောက်ဖိုလ်ဇောများကို ရပြီးဖြစ်လျက် ဘာကြောင့် ဆက်လက်၍ မဖြစ်သနည်း၊ အဖြေကား-အထက်အထက် မဂ်ဖိုလ်ကို ရသည်နှင့် တပြိုင်နက် အောက်အောက်ဖိုလ်ဇောများ ငြိမ်ပျောက်ရပ်စဲသောကြောင့် ရခဲ့ဖူးသော အောက်အောက်ဖိုလ်ဇောများလည်း အထက်အထက် ဖလဋ္ဌတို့သန္တာန်၌ ဆက်လက်၍ မဖြစ်ထိုက်။ ချဲ့ဦးအံ့-ပုထုဇဉ်ဘဝ၌ မပယ်ရသေးသော ကံ ကိလေသာတို့ကို သောတာပတ္တိမဂ်က ပယ်လိုက်သည်နှင့်တစ်ပြိုင်နက် ပုထုဇဉ်အဖြစ်ကို လွန်မြောက်၍ သောတာပန်အဖြစ်ကို လွန်မြောက်၍ သောတာပန်အဖြစ်သို့ ရောက်တော့သကဲ့သို့, ထို့အတူ သောတာပန်ဘဝ၌ မပယ်ရသေးသော ကံကိလေသာ သကဒါဂါမိမဂ်က ချုပ်ပျောက်စေသည့်အတွက် သောတာပန်အဖြစ်ကို လွန်မြောက်၍ သကဒါဂါမ်အဖြစ် ရောက်တော့သည်၊ ထိုသကဒါဂါမ် အဖြစ်သို့ရောက်လျှင် သောတာပတ္တိဖိုလ်လည်း အလိုလို ငြိမ်ပျောက်လေတော့၏၊ (ဥပမာ-မြို့ပိုင်ရာထူးမှ နယ်ပိုင်ရာထူးသို့ တိုးတက်သောအခါ မြို့ပိုင်ရာထူး ငြိမ်းပျောက်သွားသကဲ့သို့တည်း၊) ထို့ကြောင့် အောက်အောက်ဖိုလ်များ အထက်အထက် ဖလဋ္ဌပုဂ္ဂိုလ်တို့သန္တာန်၌ ဆက်၍ မဖြစ်နိုင်-ဟူလို။ ဋီကာကျော်။ ။လောကုတ္တရ၊ပေ၊သမုပ္ပဇ္ဇန္တီတိ ၁-စတုန္နံ မဂ္ဂါနံ ဧကစိတ္တက္ခဏိကဘာဝေန ပုဂ္ဂလန္တရေသု အသမ္ဘဝတော, ၂-ဟေဋ္ဌိမဟေဋ္ဌိမာနဉ္စ ဥပရုပရိသမာပတ္တိယာ အနဓိဂတတ္တာ, ၃-ဥပရုပရိပုဂ္ဂလာနဉ္စ အသမုစ္ဆာဋိတကမ္မကိလေသနိရောဓနေန (မပယ်ခွာအပ်သေးသော ကံ ကိလေသာတို့ကို ချုပ်စေခြင်းအားဖြင့်) ပုထုဇ္ဇနေဟိဝိယ သောတာပန္နာနံ သောတာပန္နာဒီဟိ ပုဂ္ဂလန္တရဘာဝူပဂမနေန (ဟေဋ္ဌိမ ဟေဋ္ဌိမသမာပတ္တိယာ)ပဋိပဿ ဒ္ဓတ္တာ စ အဋ္ဌပိ လောကုတ္တရဇဝနာနိ ယထာသကံ မဂ္ဂဖလဋ္ဌာနံ အရိယာနမေဝ သမုပ္ပဇ္ဇန္တိ။ ယထာသကံ အရိယာနမေဝ။ ။ဋီကာကျော်နှင့်တကွ အခြားဋီကာများ၌ ယထာသကံဟုချည်း ဖွင့်ပြကြသည့်ပြင်, ကမ္မဋ္ဌာန်းပိုင်း၌ "ယထာသကံ ဖလဝသေန သာဓာရဏာဝ"ဟု ဆိုလတ္တံ့ဖြစ်သောကြောင့် မဏိမဉ္ဇူသာနှင့်တကွ ယခုကာလ၌ ရွတ်ဆိုရိုးဖြစ်သော "ယထာရဟံ"ပါဌ်ကို ပယ်ဖျက်၍ "ယထာသကံ"ဟု ပြင်လိုက်ပါသည်၊ သီဟိုဠ်မူ၌လည်း ယထာသကံဟုပင် ရှိ၏၊ အရိယသဒ္ဒါကား "မြင့်မြတ်သူ ဖြူစင်သူ"ဟု အနက်ရှိ၏၊ ထို့ကြောင့် စိတ်နေစိတ်ဓာတ် မြင့်မြတ်ဖြူစင်သော မဂ္ဂဋ္ဌ ဖလဋ္ဌ(၈)ပါးကို "အရိယာ"ခေါ်သည်ဟု မှတ်ပါ၊ တိဟိတ်ပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်တို့၏သန္တာန်၌ ရထိုက်သော စိတ်များကို အခြေပြုသင်္ဂြိုဟ်၌ လင်္ကာနှင့်တကွ ရေတွက်ပြခဲ့ပြီ။ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ဘူမိဝိဘာဂအဖွင့် ✔ ✔ ✔ ✔ ✔ ✔ ✔ ကာမာဝစရဘူမိယံ ပနေတာနိ သဗ္ဗာနိပိ ဝီထိစိတ္တာနိ ယထာရဟမုပလဗ္ဘန္တိ၊ ရူပါဝစရဘူမိယံ ပဋိဃဇဝနတဒါရမဏဝဇ္ဇိတာနိ၊ အရူပါဝစရဘူမိယံ ပဌမ မဂ္ဂရူပါဝစရဟသနဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိ စ န လဗ္ဘန္တိ၊ သဗ္ဗတ္ထာပိ စ တံတံ ပသာဒရဟိတာနံ တံတံဒွါရိကဝီထိစိတ္တာနိ န လဗ္ဘန္တေဝ။ ကာမာဝစရဘူမိယံ ပနေတာနိ သဗ္ဗာနိပိ ဝီထိစိတ္တာနိ ယထာရဟမုပလဗ္ဘန္တိ။ ။ ကာမ(၁)ဘုံ၌ ဝီထိစိတ်(၈၀)လုံးရ၏၊ ဘာကြောင့်နည်း . . .စက္ခုဝိညာဏ်စသည်တို့ ဖြစ်ဖို့ရာ စက္ခုဒွါရစသော ဒွါရ(၆)ပါးနှင့် မဂ်စိတ် ဖိုလ်စိတ် စသည်တို့ဖြစ်ဖို့ရာ ပုဂ္ဂိုလ်(၁၂)ယောကက်လုံး အစုံအလင် ကာမဘုံတွင် ရှိသောကြောင့်တည်း၊ ဆက်ဦးအံ့- သဗ္ဗာနိပိ ဝီထိစိတ္တာနိဟူသောစကားသည် ကာမ(၁၁)ဘုံလုံးအတွက် သိမ်းရုံး၍ ဆိုအပ်သောစကားဖြစ်၏၊ အပါယွဘုံ၌ကား ထို(၈၀)လုံး မရ, ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ ရထိုက်သော(၃၇)ပါးသာ ရသည်၊ လူ့ဘုံ နတ်ဘုံများ၌လည်း ထိုထိုပုဂ္ဂိုလ်အလိုက် ထိုက်သလို ရကြသည်-ဟူလို။ [ဆောင်] ခြောက်ခုဝိညာဏ်, ဖြစ်ဖို့ရန်ဖြင့်, ခြောက်တန်ဒွါရ, ကုန်စေ့င၏၊ မဂ္ဂနှင့်ဖိုလ်, ဖြစ်ဖို့ဆိုလည်း, ပုဂ္ဂိုလ်တစ်ကျိပ်နှစ်, အစုံဖြစ်၏၊ စိစစ်ဖွယ်ကောင်း, ဤနှစ်ကြောင်းကြောင့်, ပျော်အောင်းဌာန, ဘုံကာမ၌, စိတ်ဝီထိ, ရှစ်ဆယ်ရှိသည်, . . . ခွဲဘိပုဂ္ဂိုလ် သင့်ရာတည်း။ ရူပါဝစရဘူမိယံ ပဋိဃဇဝနတဒါရမဏဝဇ္ဇိတာနိ။ ။ဒေါသသည် ဈာန်တရားကို တားမြစ်တတ်သော နိဝရဏတရားတည်း၊ ထို့ကြောင့် ဈာန်၏အကျိုးပေးရာ ထိုရူပဘုံ၌ ဒေါသမူဒွေး မရ, တဒါရုံ မရကြောင်းကား "ကာမာဝစရဇဝနာ ဝသာနေ ကာမာဝစရသတ္တာနံ"စသော ပါဌ်အတိုင်း သိပါ။ အရူပါဝစရဘူမိယံ ပဌမမဂ္ဂ၊ပေ၊ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိ။ ။သောတာပတ္တိမဂ် ရူပစိတ်နှင့် ဟသိတုပ္ပါဒ်တို့ မရခြင်း၏အကြောင်းကို ဝတ္ထုသင်္ဂဟတုန်းက ပြခဲ့ပြီ၊ အထက်အထက် အရူပဘုံသို့ ရောက်ပြီးသော အရူပဗြဟ္မာများသည် အောက်အောက်ဈာန်ကိုပြန်၍ အားထုတ်လေ့ မရှိ၊ ထို့ကြောင့် အထက်အထက်အရူပဘုံ၌ အောက်အောက် အရူပစိတ်များ မရထိုက်။ ["သဗ္ဗတ္ထာပိ စ တံတံပသာဒရဟိတာနံ တံတံ ဒွါရရိကဝီထိစိတ္တာနိ န လဗ္ဘန္တေဝ" ဝါကျ၏အဓိပ္ပါယ်နှင့် ဘုံအားဖြငွ ခွဲပြ၍ ပုဂ္ဂိုလ်စိတ်ရ အကျယ်ကို အခြေပြု၌ ပြထားပြီ။] အချို့ကား ဗြဟ္မာ့ပြည်၌ အနိဋ္ဌာရုံ မရှိသောကြောင့် အနိဋ္ဌာရုံကို အာရုံပြုသော အကုသလဝိပါက် စက္ခုဝိညာဏ် သောတဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏများလည်း ရူပဘုံ၌ မရထိုက်၊ ဤလူ့ဘုံသို့ ဆင်းလာသောအခါ အနိဋ္ဌာရုံကို တွေ့ရ၍ အကုသလဝိပါက် စက္ခုဝိညာဏ် စသည်တို့ ဖြစ်ဖွယ်ရှိသော်လည်း ထိုအကုသလဝိပါက်တို့မှာ ကာမဘုံ၌ ဖြစ်သည်ဟုသာ ဆိုရမည် ရူပဘုံ ဖြစ်မည်မဟုတ်ဟု ကပ်ကပ်သတ်သတ် ကြံကြသေး၏၊ ထိုအကြံသည် မသင့်၊ ဘာကြောင့်နည်း . . . ဤဘူမိဝိဘာဂ၌ ဘုံအားဖြစ် စိတ်တို့ကို ခွဲပြသော်လည်း စင်စစ်မှာ ထိုဘုံတို့၌ဖြစ်သောပုဂ္ဂိုလ်ကို အစွဲပြု၍ ခွဲရခြင်းဖြစ်သည်၊ ဘုံချည်းသက်သက် စိတ်ရဟူ၍ မရှိ၊ ထို့ကြောင့် ရူပဗြဟ္မာတို့၏ ကာမဘုံ၌ ဆင်းလာခိုက်ဝယ် အနိဋ္ဌာရုံကို တွေ့၍ဖြစ်သော အကုသလဝိပါက်ကို ကာမဘုံကဝိပါက်ဟု မဆိုရ ရူပဘုံက ရူပပုဂ္ဂိုလ်၌ဖြစ်သော ဝိပါက်ပင် ဖြစ်၏၊ ထို့ပြင် ဗြဟ္မာတို့သည် ရူပဘုံမှာ တည်နေလျက် ကာမဘုံက အာရုံများကို လှမ်း၍ ယူစွမ်းနိုင်ကြ၏၊ ထိုအခါ အနိဋ္ဌာရုံကို ယူမိလျှင် ရူပဘုံ၌ တည်နေခိုက်လည်း အကုသလဝိပါက်တို့ ဖြစ်ကြမည်သာ၊ ထို့ကြောင့် ထိုအကြံကို လက်မခံကြပါ။ [ဆောင်] ရူပဗြဟ္မာ လူဘုံလာမှ အနိဋ္ဌရုံစု မြင်ကြားမှုကြောင့် အကုဝိပါက် ဖြစ်သည့်တွက်လည်း အထက်ရူပ ဘုံ၌ရဟု ယူဆရန်ပင် လျော်ဟန်ထင်၏ ထက်ခွင်ဘုံတိုက် စံသည့်ခိုက်လည်း အောက်၌လှမ်းကာ ရှုစားရာဝယ် နိဋ္ဌာရုံနှင့် တွေ့ကြုံသင့်၏၊ သို့ဖြင့်ပေါင်းစု အကြောင်းရှု၍ အကုသလ ဝိပါကတို့ ရူပဘုံပေါင်း မရကောင်းဟု ရွဲ့စောင်းအကြံ ကေစိဉာဏ်ကို လက်ခံမထား စွန့်ပယ်ရှားသည် . . . . အများပဏ္ဍိတ် အယူတည်း။ အမှာ။ ။ဤဝီထိပိုင်းဘာသာဋီကာကို လေ့လာပြီးနောက် သီးခြားစီစဉ်အပ်သော ဝီထိဆိုရိုးကို ဆက်လက်လေ့လာကြပါ၊ ကျက်မှတ်ဖွယ်များသည့်အတွက် သီးခြားတစ်အုပ် ပြုရပာသည်။ ဤကား ဝီထိပိုင်းဘာသာဋီကာ။

No comments:

Post a Comment