Saturday, July 16, 2016
ဝီထိပိုင်း
..............
စာ- ၂၅၇ ၂၅၈ ၂၅၉ ၂၆၀ ၂၆၁
ရဟန္တာ၌ တဒါရုံဖြစ်ပုံ
စာ_၂၅၇
[ဆောင်] ဣဋ္ဌာနိဋ္ဌ, တိဣဋ္ဌတို့, တွေ့ရသောအခါ,ဝေဒနာကား, ဝိပါကတုံ, အာရုံသဘော, မြဲလိုက်ရော၏၊ ဇော စောချိန်ကျ, ထိုခဏမူ, မုချဆက်ဆက်, မှန်မထွက်၍, ဝိပါတ် အမှန်, ဇော အပြန်သည်, ကျမ်းဂန် မိန့်ခွန်း အစဉ်တည်း။
ဣဋ္ဌအနိဋ္ဌရောရော၌ အာရုံယူပုံ။ ။ အရာဝတ္ထု တစ်ခု၌ကား ဣဋ္ဌ အနိဋ္ဌ ရောလျက် ရှိတက်၏၊ ထို့သို့ ရောနေရာ၌ ထင်ရှားသော အာရုံကို သာ အာရုံပြုနိုင်ပေသည်၊ ဥပမာ _ ဆင်ပျံတော် မြင်းပျံတော် ရတနာတို့၌ ပဋိသန္ဓေ က အဟိတ်ပဋိသန္ဓေ ဖြစ်သောကြောင့် မူလ အထည်ကိုယ် ပုံသဏ္ဍာန်သည် ဧကန် အနိဋ္ဌာရုံ တည်း၊ သို့သော် ပဝတ္တိ အကျိုးကို ပေးမည့် ကုသိုလ် ကံ ကြောင့် လှပသော အရေအဆင်း အသံ စသည်တို့ ဖြစ်ပေါ်လာပြန်သဖြင့် ထို ပဝတ္တိကမ္မဇ ဣဋ္ဌရုပ်တွေက မူလ အနိဋ္ဌာရုံ ကို ဖုံးလွှမ်း လျက်ရှိ၏၊ နှီးဖြင့် ပြုလုပ်၍ နွားချေး သုတ်အပ်သော အရုပ်ကလေး၌ ပိုးဖဲ ကတ္တီပါစသော ဣဋ္ဌာရုံ တွေ မွမ်းမံ ချယ်လှယ်ထားသကဲ့သို့တည်း၊ ဤကဲ့သို့ ဣဋ္ဌ နှင့် အနိဋ္ဌ ရောနှော၍ နေရာဝယ် မြင်ရ ကြားရသူတို့၏ စက္ခုဝိညာဏ် စသည်တို့မှာ အပေါ်ယံ ဣဋ္ဌာရုံ များကိုသာ အာရုံပြုရသဖြင့် ကုသလဝိပါတ် တွေသာ ဖြစ်ခွင့်ရှိကြတော့သည်၊ မူလ ဣဋ္ဌဖြစ်သော လူ့ခန္ဓာကိုယ်ဝယ် မဖွယ်မရာ နူနာစသည် စွဲကပ် နေရာ၌ အနိဋ္ဌာရုံ ကိုသာ အာရုံပြု ရပုံကို လည်း ချဲ့ထွင် ကြည့်ပါ။
ရဟန္တာသန္တာန်၌ တဒါရုံ
*****************
တတ္ထာပိ သောမနဿသဟဂတကြိယဇဝနာဝသာနေ သောမနဿ သဟဂတာနေဝ တဒါရမဏာနိ ဘဝန္တိ၊ ဥပေက္ခာသဟဂတကြိယဇဝနာဝသာနေ စ ဥပေက္ခာသဟဂတာနေဝ ဟောန္တိ။
ဝိပါတ်လည်းမှန် ဇောလည်းမှန် ။ ။ "သောမနဿသဟဂတကြိယဇဝနာ ဝသာနေ ၊ပေ၊ ဘဝန္တိ" ဟူသော သင်္ဂြိုဟ် ပါဠိ အရ ကြိယာဇောတို့မည်သည် ပြခဲ့ပြီးသော ဝိပလ္လာသ သုံးမျိုး ကင်းပြီးသော ရဟန္တာ အရှင်တို့၏ သန္တာန်၌ သာ ဖြစ်လေ့ရှိသော ကြောင့် ဝိပါတ် များ ကဲ့သို့ အာရုံအားလျော်စွာ အတိဣဋ္ဌာရုံ နှင့် တွေ့ကြုံလာလျှင် သောမနဿ ကြိယာဇော စော၍ , ထို သောမနဿ ကြိယာဇော နောင် သောမနဿ တဒါရုံ ကျ၏၊ ဣဋ္ဌမဇ္ဈတ္တာရုံ အနိဋ္ဌာရုံ တို့နှင့် တွေ့ကြုံလျှင် ဥပေက္ခာ သဟဂုတ် ကြိယာဇော စော၍ ထို ဥပေက္ခာ ဇောနောင် ဥပေက္ခာ တဒါရုံ များ ဖြစ်ကြသည်၊ ဤသို့လျှင် ကြိယာဇော များလည်း ဝိပါတ် ကဲ့သို့ အာရုံအားလျော်စွာ သောမနဿ ယှဉ်မှူ ဥပေက္ခာ ယှဉ်မှူ မှန်ကန်သော ကြောင့် "ဝိပါတ် လည်းအမှန်, ဇောလည်းအမှန်" ဟု မိန့်ဆိုကြပြန်သည်။
ပရမတ္ထဒီပနီ ဝါဒ ။ ။ ကြိယာဇော တို့၏ အာရုံအားလျော်စွာ သောမနဿ ဥပေက္ခာ ဝေဒနာ နှင့် ယှဉ်ရပုံကို ဤ သင်္ဂြိုဟ် ကျမ်းသာမက , အဋ္ဌသာလိနီ အဋ္ဌကထာ မှာလည်း
............................
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_ ၂၅၈
မိန့်ဆိုလျက်ရှိ၏၊ထိုကဲ့သို့ ပရမတ္ထဒီပနီ၏ အယူကား ဤသို့ တည်း၊ ကြိယာဇောတို့၏ အာရုံအားလျော်စွာ စောရပုံမှာ ပကတိရိုးရာ အခါ၌သာဖြစ်၏၊ ရဟန္တာပုဂ္ဂိုလ်များသည် မိမိစိတ်ကို အစိုးတရပိုင်နိုင်ကြသည် ဖြစ်၍ အာရုံသဘောသို့ မလိုက်ဘဲ မိမိတို့အလိုအတိုင်း စိတ်ကိုပြုပြင်လိုလျှင် ပြုပြင်၍ ဇော စောနိုင်ကြသည်၊ ထို့ကြောင့် ဘုရားရှင်သည် ဝက်မငယ်ကို မြင်၍ ပြုံးတော်မူ၏၊ အရှင်မဟာမောဂ္ဂလာန်သည် ဂိဇ္ဈကုဋ်တောင်၌ ပြိတ္တာတွေကို မြင်၍ ပြုံးတော်မူ၏၊ ထိုသို့ဖြစ်ရာဝယ် ဝက်မငယ်နှင့် ပြိတ္တာတို့သည် အနိဋ္ဌာရုံ များတည်း၊ ပြုံးတော်မူခြင်းကား ကြိယာသောမနဿဇောများ ဖြစ်၏၊ ထို့ပြင်"ဣဓ ဘိက္ခဝေ ဘိက္ခု သစေ အာကင်္ခတိ ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ " စသည်ဖြင့် " ရဟန္တာ ပုဂ္ဂိုလ်တို့သည် စက်ဆုပ်ဖွယ်အာရုံကို စက်ဆုပ်ဖွယ် မဟုတ်အောင် ရှူ၍ နေလိုက နေနိုင်ကြ၏၊ " ဟု ဟောတော်မူအပ်သောသုတ္တန် ပါဠိတော် များကို ထောက်လျှင် ရဟန္တာတို့၏ ကြိယာဇော များကိုလည်း အာရုံအားလျော်စွာ ဝေဒနာ မလိုက်ရောဘဲ အလိုရှိသလို စောနိုင်ခွင့် ရှိကြောင်း သိသာ၏၊ သို့အတွက် သင်္ဂြိုဟ် နှင့် တကွ အဘိဓမ္မာ အဋ္ဌကထာ တို့၌ စိတ်ကို အထူးမပြုပြင်ဘဲ ဘာသိဘာသာ ဇော စောသောအခါကို ရည်ရွယ် ၍ "ကြိယာဇော တို့၏ အာရုံအားလျော်စွာ သောမနဿဝေဒနာ ဥပေက္ခာ ဝေဒနာ နှင့် ယှဉ်ရမည်" ဟု ဆိုလိုသည်၊စိတ်ကို ပြုပြင်၍ အာရုံကို ကြည့်ရှူဆင်ခြင်ရာ၌ကား သုတ္တန် ပါဠိတော်များနှင့် အညီ အနိဋ္ဌာရုံကို အာရုံပြု၍လည်း သောမနဿကြိယာဇော, အတိဣဋ္ဌာရုံ ကို အာရုံပြု၍ လည်း ဥပေက္ခာကြိယာဇောများစောခွင့်ရှိသည်ဟု ပရမတ္ထဒီပနီ ယူဆလေသည်။
ပရမတ္ထသရူပဘေဒနီ၏ ရှင်းလင်းချက်။ ။ ပရမတ္ထသရူပဘေဒနီ၏ ရှင်းလင်းပုံကား _ ဘုရားရှင် နှင့် အရှင် မောဂ္ဂလာန်တို့ ဝက်မငယ် ပြိတ္တာတို့ကို မြင်တော်မူ၍ ပြုံးတော်မူကြရာ၌ မြင်တော်မူတဲ့အခါ အာရုံတစ်မျိုး , ပြုံးတော်မူတဲ့အခါ အာရုံတစ်မျိုး ဟု ခွဲခြား ရမည်၊ အနိဋ္ဌာရုံ ဖြစ်သော ဝက်မငယ် ပြိတ္တာတို့ကို မြင်ရာအခါ၌ အနိဋ္ဌာရုံ အားလျော်စွာ ဥပေက္ခာ ကြိယာဇော စောသော ဝီထိများ ကျရာ၏၊ ထိုအခါ ပြုံးတော်မမူသေး၊ ထို့နောက် ထိုကဲ့သို့ အံ့သြဖွယ်ရာ ဆန်းကြယ်စွာသော ဂတိ၌ ဖြစ်ရမည့် အကြောင်း မကောင်းသော တရားတို့ ကိုယ်တော်များ သန္တာန်မှာ မရှိ တော့သဖြင့် ကိုယ်တော်တို့၏ သမ္ပတ္တိဂုဏ်ကို အာရုံပြုလျက် နှစ်သက်သောအခါ သမ္ပတ္တိဂုဏ် အတိဣဋ္ဌာရုံ အားလျော်စွာ သောမနဿ ကြိယာဇော စောသော မနောဒွါရ ဝီထိများ ဖြစ်ပေါ်ကြပေသည်၊ သို့သော် စိတ်အစဉ် က အင်မတန် လျင်မြန် သောကြောင့် ဝက်မငယ် ပြိတ္တာတို့ကို မြင်တော်မူတုန်းမှာပင် ပြုံးရွှင်တော်မူကြသကဲ့သို့ ထင်ရလေသည်။ [စတုတ္ထပါရာဇိကနှင့် လက္ခဏသံယုတ် စသည်ကို ရှူပါ။ ]
------------++++++------------
အာရုံကို ပြောင်း၍ အာရုံပြုပုံ
စာ_၂၅၉
ထို့ပြင် "ဣဓ ဘိက္ခဝေ ဘိက္ခု သစေ အာကင်္ခတိ ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊" စသော သုတ္တန် ပါဠိတော် များ အရ ပဋိကူလ ဖြစ်သော စက်ဆုပ်ဖွယ် အနိဋ္ဌာရုံ သတ္တဝါကို အပ္ပဋိကူလ (စက်ဆုပ်ဖွယ် မဟုတ်သော အတိဣဋ္ဌာရုံ သတ္တဝါ ) ဖြစ်အောင် ကြံဆောင် ဆင်ခြင်ရာ၌ ဝီထိ အမျိုးမျိုး ပင် ဖြစ်၏၊ ပဋိကူလ အာရုံကို ပဌမ မြင်ခါစ၌ အနိဋ္ဌာရုံ အားလျော်စွာ ဥပေက္ခာ ကြိယာဇော ဝီထိများ ဖြစ်ရ၏၊ ထို့နောက် ထို အနိဋ္ဌာရုံ သတ္တဝါကို ချစ်မြတ်နိုးအပ်သော ပိယမနာပသတ္တဝါဖြစ်အောင် မေတ္တာ ကမ္မဠာန်း ဖြင့် ကြံဆောင် ကြည့်ရှူသော အခါ ထို သတ္တဝါ အပေါ်၌ အတိဣဋ္ဌ အခြင်းအရာ ဖြစ်လျှင် ထို အခြင်းအရာ ကို အာရုံပြု၍ သောမနဿ ကြိယာဇော များ စောနိုင်ပေ၏။
အာရုံတစ်ခု၌ အာရုံပြုသူ၏ စိတ်က ဆန်းကြယ်သလောက် ဣဋ္ဌ အတိဣဋ္ဌ အနဋ္ဌ အခြင်းအရာ များကို ရနိုင်ပေ၏၊ အလွန်လှပသော အတိဣဋ္ဌ မာတုဂါမကိုပင် အသုဘဖြင့် ဆင်ခြင်ကာ မတင့်တယ်သော အခြင်းအရာ အနိဋ္ဌ အရသာတွေသာ ပေါ်လာ၏၊ အလွန်အရုပ်ဆိုးသော အနိဋ္ဌာရုံ သားကလေးကို မိခင် မေတ္တာ ဖြင့် သေသေချာချာ ဆင်ခြင်သော အခါ ချစ်ဖွယ်ရာ ဣဋ္ဌာရုံ ထင်လာ၏၊ ဤကဲ့သို့ ပုထုဇဉ် တို့ နယ်ပယ် မှာပင် စိတ်ဆန်းကြယ်သလို ပြုပြင်ပြောင်းလွဲနိုင်လျှင် မိမိစိတ်ကို စိုးပိုင်ပြီးသော ရဟန္တာ တို့၏ စိတ်၌ကား ယုံမှားဖွယ် မရှိပြီ၊ ရေနိုင်သော သင်္ဘော ဦးစီး ပဲ့သူကြီးသည် ပဲ့တက်ကြီးကို ကြိတ်ကာ ကြိတ်ကာ ဖြင့် လိုရာရေကြောင်းခရီးကို သွားနိုင် သကဲ့သို့ လည်းကောင်း, လေနိုင်သော ဂဠုန်ကြီးသည် အတောင်အမြီးကို ညိတ်ကာညိတ်ကာဖြင့် ပျံလိုရာ လေကြောင်းခရီးကို ပျံနိုင် သကဲ့သို့ လည်းကောင်း,
မိမိစိတ်ကို နိုင်ပြီးသော ရဟန္တာ အရှင်မြတ်တို့လည်း တွေ့သမျှ အာရုံ အသီးသီးဝယ် စိတ်ကို ပြောင်းလွှဲ၍ အနဲနဲ ဆင်ခြင်တော် မူနိုင်သောကြောင့် မိမိတို့ ပြောင်းလွှဲအပ်သော ဣဋ္ဌ အနိဋ္ဌ အတိဣဋ္ဌ အာရုံ အားလျော်စွာ ဥပေက္ခာ သောမနဿ နှင့် ယှဉ်သော ကြိယာဇောများ စောနိုင်ကြပေသည်။[အကျယ်ကို ပရမတ္ထသရူပနှင့် ဒီပနီတို့မှာရှူပါ၊]
ကြိယာဇော နောင် တဒါရုံ မလိုသော မူလဋီကာ ။ ။ "သောမနဿ သဟဂတ ကြိယဇဝနာဝသာနေ သောမနဿ သဟဂတာနေဝ တဒါရမဏာနိ" စသည်ဖြင့် ကြိယာဇော နောင် တဒါရုံ ချဖို့ရာ အဋ္ဌကထာ ကြီးငယ်တို့ မိန့်ဆို စိစစ်ကြသော်လည်း မူလဋီကာ ကား ကြိယာဇော နောင် တဒါရုံ ချခြင်းကို အလိုမရှိချေ၊ ထို ဋီကာအလိုကို ထင်ရှားစေအံ _ အဟုန်ဖြင့် ဆန်တက် ခုတ်သွားသော သင်္ဘော ၏ နောက်သို့ တအောင့်လောက် ဆန်တက်လိုက်သွားသော ရေအယဉ်ကဲ့သို့, တဒါရုံ ဝိပါတ် စိတ်များလည်း သင်္ဘော လှေပမာ လွန်စွာလှူပ်ယှက် မငြိမ်သက်သော ကုသိုလ်ဇော အကုသိုလ်ဇော များ၏ နောက်သို့သာ လိုက်ထိုက်သည်၊ ငြိမ်ငြိမ်သက်သက် ဖက်ခွက်မျောလာရာဝယ်
+++++++++++++++++++++++
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_ ၂၆၀
ထို ဖက်ခွက်နောက်သို့ ရေအယဉ် မလိုက်သကဲ့သို့, ထို့အတူ ဖက်ခွက်ပမာ လွန်စွာ ငြိမ်သက်သော ကြိယာဇော နောက်သို့ တဒါရုံ များ မလိုက်ထိုက်ချေ၊ ပဠာန်း ပါဠိ တော်မှာလည်း ကုသိုလ် အကုသိုလ် ဇောနောက်သာ တဒါရုံ ကို ဟောတော်မူ၍ ကြိယာဇော နောင် မှာ ဟောတော်မူချက် မရှိဟု မိန့်ဆိုလေသည်။
အနုဋီကာ, မဟာဋီကာ, ပရမတ္ထသရူပတို့ဝါဒ ။ ။ အနုဋီကာပြ (ကေစိ) နှင့် မဟာဋီကာ တို့ကား "ကြိယာဇော တို့သည် ကာယဝိညတ် ဝစီဝိညတ် ကို ဖြစ်စေနိုင်သောကြောင့် ငြိမ်ငြမ်သက်သက် မျောလာသော ဖက်ခွက်နှင့်မတူ, လှူပ်လှူပ်ယှက်ယှက် သဘောရှိသည် ဟုပင် ဆိုထိုက်ပါ၏၊ ပဠာန်း ပါဠိ တော်၌ ဟော်တော် မမူခြင်းမှာ အလိုတော် တသ်မျိုးတစ်မည် ကြောင့်သာ ဖြစ်ရာ၏၊" ဟု ချေပကြလေသည်၊ ပရမတ္ထသရူပဘေဒနီ ၌ကား "ကုသလံ ဝုဋ္ဌာနဿ, အကုသလံ ဝုဋ္ဌာ နဿ" ဟု ဟောတော်မူသလို " အဗျာကတံ ဝုဋ္ဌာနဿ" ဟုလည်း အနန္တရပစ္စည်း၌ ဟောတော်မူ၏၊ ဝုဋ္ဌာ အရလည်း ကုသိုလ် အကုသိုလ် ကြိယာဇော တို့မှ ထသော တဒါရုံ ဘဝင် စုတိ အားလုံးကို ရ၏၊ ဤသို့ ကြိယာဇော နောင် တဒါရုံ ကို ထည့်သွင်း၍ "ဝုဋ္ဌာနဿ " ဟု ဟောတော်မူရာ ဌာနသည် များစွာ ရှိ၏ဟု ညွှန်ပြ၍ "ကြိယာဇော နောင် တဒါရုံ မဟော" ဟူသော စကားကို ပယ်ရှား လေသည်။
÷÷÷÷÷÷÷÷÷÷÷
အာဂန္တုကဘဝင်
*************
ဒေါမနဿသဟဂတဇဝနာဝသာနေ စ ပန တဒါရမဏာနိ စေဝ ဘဝင်္ဂါနိ စ ဥပေက္ခာသဟဂတာနေဝ ဘဝန္တိ၊ တသ္မာ ယဒိ သောမနဿပဋိသန္ဓိကဿ ဒေါမနဿသဟဂတဇဝနာဝသာနေ တဒါရမဏသမ္ဘဝေါ နတ္ထိ၊ တဒါ ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာရမဏမာရဗ္ဘ ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ၊ တမနန္တရိတွာ ဘဝင်္ဂပါတောဝ ဟောတီတိ ဝဒန္တိ အာစရိယာ။
ဒေါမနဿသဟဂတ ၊ပေ၊ ဥပေက္ခာသဟဂတာနေဝ ။ ။ ဒေါမနဿ ဝေဒနာ သည် မသာယာသော အားဖြင့် အာရုံကို ခံစားရ၏၊ သောမနဿ ကား သာယာသော အားဖြင့် အာရုံကို ခံစားသည်၊ ထို့ကြောင့် ဒေါမနဿ ဝေဒနာ နှင့် သောမနဿ ဝေဒနာ တို့ အချင်းချင်း ရှေ့ သွား နောက်လိုက် နှီးနှော လို့မရ၊ ဥပေက္ခာ ဝေဒနာ ကား အာရုံကို သင့်ရုံတော်ရုံ ခံစားသဖြင့် ဒေါမနဿ _ သောမနဿ နှစ်ပါးလုံးနှင့်ပင် သင့်တင့် လိုက်လျော နိုင်ပေသည်၊ သို့အတွက် ဒေါမနဿ သဟဂုတ် ဇော နောင် တဒါရုံ ဖြစ်စေ ဘဝင် ဖြစ်စေ ဥပေက္ခာ သဟဂုတ် သာ ဖြစ်ရပေသည်။
တသ္မာ ယဒိ သောမနဿ ၊ပေ၊ တဒါရမဏသမ္ဘဝေါ နတ္ထိ ။ ။ တသ္မာ ပုဒ်ကို ဥပေက္ခာ သဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ သို့ လှမ်းစပ်၊ "ယဒိ သောမနဿ ၊ပေ၊ သမ္ဘဝေါ
++++++++±±±±±±++++++++
အာဂန္တုကဘဝင်
စာ_၂၆၁
နတ္ထိ " ကား ကြံဆ၍ ပြောဆိုအပ်သော ပရိကပ္ပစကားတည်း၊ "သောမနဿ သဟဂုတ် မဟာဝိပါတ်စိတ်ဖြင့် ပဋိသန္ဓေ နေခဲ့သူ၏ သန္တာန်ဝယ် တစ်စုံတစ်ခု သော အကြောင်းကြောင့် တဒါရုံ ဖြစ်ခွင့် တကယ်လို့ မရခဲ့လျှင်" ဟု ကြံဆ၍ ပြောဆိုသည်။
တဒါ ယံကိဉ္စိ ၊ပေ၊ ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ ။ ။ ထိုသို့ တဒါရုံ ဖြစ်ခွင့် မရခဲ့သော် ထုံးစံ အတိုင်းဆိုလျှင် ဒေါသဇော နောင် ဘဝင်ကျရတော့မည်၊ ဘဝင်ကျပြန်လျှင်လည်း (တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိစိတ် တို့သည် တူကြရသောကြောင့်) သောမနဿ ပဋိသန္ဓေ နေခဲ့သူ ဖြစ်၍ သောမနဿဘဝင် ကျရလိမ့်မည်၊ ထို သောမနဿဘဝင်ကား ဒေါသဇော နှင့် မလိုက်ရောချေ၊ ဤသို့ အခက်ကြုံတဲ့အခါ ဒေါသဇော နှင့် သောမနဿဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ဖို့ရာ ဥပေက္ခာ သဟဂုတ် သန္တီရဏ စိတ် ဖြစ်ပေါ်လာရပေသည်။
တမနန္တရိတွာ ဘဝင်္ဂပါတောဝ ဟောတိ ။ ။ ထို ဥပေက္ခာ သဟဂုတ် သန္တီရဏ ၏ အခြားမဲ့၌ ကား ထုံးစံ အတိုင်း သောမနဿ ဘဝင် ကျနိုင်ပြီ [တမနန္တရိတွာ ၌ အနန္တရသဒ္ဒါသည် အခြားမရှိ ဟူသော အနက်ကိုဟောသော နာမ်ပုဒ်တည်း ၊ ဤနေရာ၌ ကရဓာတ်၏ အနက်ကို ဟောသော ဣပစ္စည်းသက်၍ အနန္တရိတွာဟု ပါဌ် ရှိသည်။ သို့အတွက် "တံ_ ထို ဥပေက္ခာ သဟဂုတ် သန္တီရဏ စိတ်ကို၊အနန္တရိတွာ_အခြားမဲ့ပြု၍"ဟု အနက်ဆိုပါ ၊ အဓိပ္ပါယ် မှာ "ဥပေက္ခာ သဟဂုတ် သန္တီရဏ စိတ်၏ အခြားမဲ့၌ "ဟု ဆိုလိုသည်၊ ]
ဝဒန္တိ အာစရိယာ။ ။ ကျမ်းဆရာတို့သည် တစ်စုံတစ်ခု သော အဆုံးအဖြတ်၌ သာဓက မပြနိုင်လျှင် "ဝဒန္တိ, ကျောက်ကြီးဖိ" ဆိုတဲ့ အတိုင်း ထို အဆုံးအဖြတ် ပိပြားအောင် ဝဒန္တိ ဟူသော ကျောက်တုံးဖြင့် အာစရိယဝါဒအနေ ဖိတက်ကြလေသည်၊ ဤဝါဒသည် သင်္ဂြိုဟ် ကျမ်း၌သာ မဟုတ် , အဋ္ဌသာလိနီ အဗျာကတ ဝိပါက အဖွင့်၌လည်း "ယဒါ သောမနဿ ပဋိသန္ဓိကဿ ပဝတ္တေ ဈာနံ နိဗ္ဗတ္တေတွာ ပမာဒေန ပရိဟီနဇ္ဈာနဿ ပဏီတဓမ္မော မေ နဋ္ဌောတိ ပစ္စဝေက္ခတော ဝိပ္ပဋိသာရ ဝသေန ဒေါမနဿံ ဥပ္ပဇ္ဇတိ ၊ တဒါ ၊ပေ၊ ကုသလဝိပါကာ ဝါ ဥပေက္ခာ သဟဂတာဟေတုကမနောဝိညာဏဓာတု (သန္တီရဏံ) ဥပ္ပဇ္ဇတိ " ဟု ရှိပေသည်၊
တဒါရုံကျခွင့်မရသောဝါဒများ
၁။ သောမနဿ ပဋိသန္ဓေ တည်နေခဲ့၍ မိစ္ဆာ အယူရှိသူသည် ဘုရားအစရှိသော အတိဣဋ္ဌ အတိမဟန္တာရုံ, သို့မဟုတ် ဝိဘူတာရုံ ကို အာရုံပြုလျက် ဒေါသဇော စောခဲ့သော်လည်းကောင်း, သို့မဟုတ် နတ်သမီး စသော အတိဣဋ္ဌ အတိမဟန္တာရုံ ဝိဘူတာရုံ များကို အာရုံပြုလျက် ရွံ့ကြောက်ထိတ်လန့်သော အားဖြင့် ဒေါသဇော
+++++++++++++++++++++++-MMOO
Subscribe to:
Post Comments (Atom)
No comments:
Post a Comment