Saturday, July 16, 2016
ဝီထိပိုင်း
######
စာ.၂၃၂ ၂၃၃ ၂၃၄ ၂၃၅ ၂၃၆
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_ ၂၃၂
*နှစ်ချက်လွန် သုံးချက်လွန် ကွဲပြားပုံ* ။ ။ မဟန္တာရုံချင်း တူပါလျက် အဘယ်ကြောင့် အချို့က ၂ ချက်ခန့် အချို့  က ၃ ချက်ခန့်လွန်မှ ထင်လာရသနည်းဟု မေး၊ အဖြေကား _ အာရုံ ပသာဒ အာလောက တို့၏ အင်အားအလိုက် , အားရှိလျှင် ၂ ချက်ခန့် အလွန်တွင် ထင်လာ၍ , ထိုမျှလောက်အားမရှိလျှင် ၃ ချက်ခန့် လွန်မှ ထင်လာနိုင်၏။
မဟန္တာရုံချည်း အမည်ရပုံ ။ ။ (၂) ချက်ခန့် လွန်မှ ထင်လာသော အာရုံ , (၃) ချက်ခန့် လွန်မှ ထင်လာသော အာရုံဟု နှစ်မျိုးပြားပါလျက် အဘယ်ကြောင့် မဟန္တာရုံချည်း နာမည် မမှည့်ရသနည်းဟု မေး၊ အဖြေကား_ ထိည အာရုံ နှစ်မျိုးလုံးပင် ဇဝနဝါရ၏ အာရုံချည်း ဖြစ်သောကြောင့် "မဟန္တာရုံ" ဟု နာမည် တစ်မျိုးတည်း မှည့်ခေါ်ရသည်။ [ပရိတ္တာရုံ အတိပရိတ္တာရုံများ၌လည်း ဤမည်းအတိုင်းသိပါ။]
နတ္ထိ တဒါရမဏုပ္ပါဒေါ။ ။ ဤစကားသည် "ဇဝနာဝသာနေ ဘဝင်္ဂပါတောဝ" ၌ ဧဝ အနက်၏ အကျိုးရ (ဧဝတ္ထဖလ) ကို ပြသော စကားတည်း၊ "ဇောအဆုံး၌ ဘဝင်သာကျတော့၏, တဒါရုံ မဖြစ်တော့၊ " ဟူလို။
တဒါရမဏုပ္ပါဒေါ။ ။ စိတ္တက္ခဏ ၃ ချက်ခန့် လွန်မှ ထင်လာသော အာရုံ၌ သတ္တမဇော တွင် (၁၇) ချက် ရုပ်သက်စေ့သောကြောင့် တဒါရုံမျှ မကျလျှင်သာ ရှိပါစေတော့၊ စိတ္တက္ခဏ ၂ ချက်ခန့် အလွန်တွင် ထင်လာသော အာရုံ၌ကား သတ္တမဇောနောင် ခဏငယ် တစ်ချက်ခန့်ကျန်သေးသည်ဖြစ်၍ တဒါရုံ တစ်ကြိမ်မျှ ချထိုက်သေးသည် မဟုတ်လော ဟု မေး၊ အဖြေကား _ "မစားရအရှင်း, စားရလျှင်ဆီထမင်း" ဟူ သကဲ့သို့ တဒါရုံတို့မည်သည် မကျလျှင် အလျင်းမကျ, ကျလျှင်သာ နှစ်ကြိမ်သာ ကျရိုးရှိသောကြောင့် ထိုအာရုံကို အာရုံပြု၍ တဒါရုံတစ်ကြိမ်မကျတော့။
အာရုံကွဲပြားခြင်းငှါ မသင့် ။ ။ တဒါရုံ တို့သည် နှစ်ကြိမ်သာ ကျရိုးရှိလျှင် ပဌတဒါရုံက မချုပ်သေးသော ပစ္စုန်ပ္ပန် ရူပါရုံ ကို အာရုံပြု၍, ဒုတိယတဒါရုံက ချုပ်ပြီးခါစ အတိတ်ရူပါရုံကို အာရုံပြုပြီးလျှင် တဒါရုံ နှစ်ကြိမ်ပင် ကျပါတော့လား ဟု မေး၊ အဖြေကား _ မဂ္ဂဝီထိ, ဖလဝီထိ မဟုတ်လျှင် တစ်ဝီထိ အတွင်း၌ ဤကဲ့သို့ အတိတ်အာရုံ တစ်မျိုး , ပစ္စုန်ပ္ပန် အာရုံ တစ်မျိုးဟု ကွဲပြားခြင်းမရှိသောကြောင့် တဒါရုံ နှစ်ကြိမ် မကျထိုက်။
ဒွိဝါရတ္တာ နိရုဒ္ဓတ္တာ, တဒါလမ္ဗံ န ဇာယတိ၊
အတီတေပိ စ အာလမ္ဗေ, နာနာရမဏဘာဝတော၊
န ဟိ မဂ္ဂဖလာညတြ, နာနာရမဏသမ္ဘဝေါ။
တဒါလမ္ဗံ _ တဒါရုံ သည်၊ ဒွိဝါရတ္တာ _ နှစ်ကြိမ်ကျရိုးရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း ၊ နိရုဒ္ဓတ္တာ _ အာရုံက ချုပ်လေပြီး၏ အဖြစ်ကြောင့်၊ လည်းကောင်း န ဇာယတိ _ မဖြစ်၊ အတီတေပိ စ အာလမ္ဗေ _ အတိက်အာရုံ၌လည်း ၊ နာနာရမဏဘာဝတော _ အတိက်တစ်မျိုး ပစ္စုန်ပ္ပန် တစ်မျိုးဟု အမျိုးမျိုး အာရုံ ကွဲပြားဖွယ်ရှိသောကြောင့် ၊ န ဇာယတိ _ အာရုံပြု၍ မဖြစ်၊ ဟိ _ မှန်၏၊ မဂ္ဂဖလာ _ မဂ္ဂဝီထိ
×××××××××××××××××××××××××××
ပရိတ္တာရုံဝီထိ
စာ_ ၂၃၃
ဖလဝီထိ ကို၊ အညတြ _ ကြဉ်ထား၍၊ နာနာရမဏသမ္ဘဝေါ_ တစ်ဝီထိ အတွင်း၌ အာရုံအမျိုးမျိုး၏ ဖြစ်သင့်ခြင်းသည်၊ န_ မရှိ။
ဤစကားစဉ်အရ မဟန္တာရုံကိာ အာရုံပြုလျက် တဒါရုံ မကျသော ဝီထိကိုသာ မှတ်ယူရာ၏၊ နောက်၌လည်း "ဝိဘူတေတိမဟန္တေ စ , တဒါရမဏမီရိတံ" ဟု ဝိဘူတာရုံ အတိမဟန္တာရုံ များ၌သာ တဒါရုံ ချထိုက်ကြောင်းကို မိန့်ဦးလတ္တံ့၊ ဤကား ဆရာစဉ်ဆက် ပြောဆိုရိုးအဓိပ္ပါယ်တည်း၊ "သကိံ ဒွေ ဝါ တဒါလမ္ဗံ,သကိမာဝဇ္ဇနာဒယော" ဟု မိန့်ဆိုသော မရမတ္ထဝိနိစ္ဆယ, မဇ္ဈိမနိကာယ်ဆောင်မထေရ်များနှင့် , မူလဋီကာ တိုအလိုမှာ တဒါရုံ တစ်ကြိမ်လည်း ချသင့်သေး၏၊ ဤသို့လျှင် ပကတိ ရိုးရာအခါမှာပင် ဇော ၆ ကြိမ် ဖြစ်နိုင်ခြင်း , တဒါရုံ တစ်ကြိမ်ကျနိုင်ခြင်းတို့အတွက် ဝီထိသွားကို တစ်မျိုးစီစဉ်ရန် ရှိသော်လည်း ရောယှက် ရှူပ်ထွေး တာဝန် လေးမည်ကြောင့် လျစ်လျူရှု ရတော့မည်။
~~~~~~~~~~
ပရိတ္တာရုံဝီထိ
***********
ယာဝဇဝနုပ္ပါဒါပိ အပ္ပဟောန္တာတီတကမာပါတမာဂတံ အာရမဏံ ပရိတ္တံ နာမ၊ တတ္ထ ဇဝနမ္ပိ အနုပ္ပဇ္ဇိတွာ ဒွိတ္တိက္ခတ္တုံ ဝေါဋ္ဌပနမေဝ ပဝတ္တတိ။
ယာဝဇဝနုပ္ပါဒါပိ ။ ။ ဤ၌ အပိသဒ္ဒါသည် ဆိုအပ်ပြီးသော တဒါရုံ ကို ဆည်းသော ဝုတ္တသမုစ္စည်းတည်း၊ " တဒါရုံ ဖြစ်သည့်တိုင်အောင် ဌီအခိုက်၌ တည်ခြင်းငှ မစွမ်းနိုင်ရုံမက ဇောဖြစ်သည့်တိုင်အောင်လည်း မစွမ်းနိုင်၊ " ဟူလို၊ တစ်နည်း_ ထိုအပိသဒ္ဒါသည် ဂရဟာဇောတကတည်း၊ "ဇောဖြစ်သည့်တိုင်အောင်သော်မှလည်း ဌီအခိုက်၌ တည်ခြင်းငှါ မစွမ်းနိုင်၊ တဒါရုံ ဖြစ်သည့်တိုင်အောင် မစွမ်းနိုင်ခြင်းမှာ ဆိုဖွယ်ရာ မရှိပြီ၊ " ဟူလို၊ ဤပရိတ္တာရုံကို အာရုံပြုသော
ဝီထိများကား " မြင်လိုက်ရသလိုလို, ကြားလိုက်မိသလိုလို, တွေ့မိ ထိမိသလိုလို" ဖြစ်သော အခါမျိုးဝယ် ကျသော ဝီထိများတည်း။
ဝိပါကုဒ္ဓါရကထာ မူလဋီကာ ။ ။ ဤ ပရိတ္တာရုံ ဝီထိ၌ " ဇောဖြစ်ခွင့်မရ၊ ဝုဋ္ဌော နှစ်ကြိမ် သုံးကြိမ်သာကျသည်" ဟု အဋ္ဌကထာ ကြီးငယ်တို အမိန့်  အဆို ညီကြပေ၏၊ မူလဋီကာ ကား "ဇော(၇)ကြိမ်မစောနိုင်လျှင် တွေဝေသောအခါ အိပ်မက်မက် သောအခါမျိုးကဲ့သို့ ဝုဋ္ဌော နောင် ဇော (၄) ကြိမ် (၅) ကြိမ်သော်လည်း စောထိုက်၏၊ ဇော (၄) ကြိမ် (၅) ကြိမ် တိုင်အောင်မျှ ကျေးဇူးမပြုနိုင် (မတည်နိုင်) သော အာရုံသည် အစကပင် ပဉ္စဒွါရဝဇ္ဇန်း စက္ခုဝိညာဏ် စသည်တို့ အား ကျေးဇူးမပြုသင့်ပေ၊ ဝုဋ္ဌော က ဇောအရာမှာ အမွေခံ၍ ၂ ကြိမ် ၃ ကြိမ် ဖြစ်ဖို့ရန်လည်း ဇောကဲ့သို့ အထပ်ထပ် ဖြစ်နိုင်သော အာသေဝန ပစ္စည်း မျိုးမဟုတ်၊ သို့အတွက် ဝုဋ္ဌော (၂) ကြိမ် (၃) ကြိမ် ကျသောဝါရကို စဉ်းစားသင့်သည"် ဟု မိန့်ဆိုသည်။
======================
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_ ၂၃၄
သဒ္ဒထုံးနည်း ။ ။ "ပုဗ္ဗကာလေ ကကတ္တုကာနံ တုနတွာနတွာသာ" ကစ္စည်းသုတ် အရ ရှေးက က တွာပစ္စယန္တပုဒ် နှင့် နောက်ကြိယာပုဒ်တို့သည် အများအားဖြင့် ကတ္တားချင်း တူကြရသည်၊ ဤ "ဇဝနမ္ပိ အနုပ္ပဇ္ဇိတွာ ဝေါဋ္ဌပနမေဝ ပဝတ္တတိ" ဝါကျ၌ ကား အနုပ္ပဇ္ဇိတွာ ဟူသော တွာပစ္စယန္တပုဒ် ၏ ကတ္တားသည် "ဇဝနံ" တည်း၊ "ဇောသည်မဖြစ်" ဟူလို၊ ပဝတ္တတိကတ္တားကား "ဝေါဋ္ဌပနံ" တည်း၊ "ဝုဋ္ဌော သည် ဖြစ်၏၊ " ဟူလို၊ ဤကဲ့သို့ တစ်ရံတစ်ခါ ကတ္တားကွဲပြားသော အရာဝယ် တွာပစ္စယန္တပုဒ် ၏ ကတ္တားကို သမ္ဗာန် အနက်ထား၍ "၏" ဟု အနက်ဆိုပြီးလျှင် တွာပစ္စည်းကိုလည်း ဟိတ်အနက်မှာ သတ်စေ၍ (တစ်နည်း _ တွာပစ္စည်းနောင် ဟိတ်အနက်ရှိသော တတိယာဝိဘတ်ကိုချေ၍) "ကြောင့်" ဟု အနက်ဆိုစေလိုသည်။ ဤသဒ္ဒထုံးနည်းအရ "ဇဝနမ္ပိ _ ဇော၏လည်း၊ အနုပ္ပဇ္ဇိတွာ _ မဖြစ်ခြင်းကြောင့်၊ ဒွတ္တိက္ခတ္တုံ _ နှစ်ကြိမ် သုံးကြိမ်၊ ဝေါဋ္ဌပနမေဝ _ ဝုဋ္ဌော စိတ်သည်သာ ၊ ပဝတ္တတိ _ ဖြစ်၏၊ " ဟု အနက်ဆိုရိုးပြုကြသည်။[ ပဝတ္တတိ၌ "ပရိဝတ္တတိ " ဟု အချို့စာရှိ၏၊ "ပရိဝတ္တတိ _အဖန်ဖန် ဖြစ်၏" ဟုလည်း ဆိုကြသည်၊ နှစ်ကြိမ် သုံးကြိမ်ဆိုလျှင် အဖန်ဖန် ဖြစ်ကြောင်း" ထင်ရှားပြီးဖြစ်၍ ဤကျမ်းက ပဝတ္တိပါဒ်ကိုသာ အသုံးပြုလိုက်ပါသည်။]
[နိယာမ်] ကတ္တားကွဲဘိ, မတူရှိသော်,မိမိကတ္တား,သမ္ဗာန်ထား၍,သတ်ငြားဟိတ်မှာ,ဖြစ်တို့ရာသည်, ...တွာဒိပစ္စည်း သဘောတည်း။
@@@@@@@@
အတိပရိတ္တာရုံဝီထိ
**************
ယာဝ ဝေါဋ္ဌပနုပ္ပါဒါ စ ပန အပ္ပဟောန္တာတီတိကမာပါတမာဂတံ နိရောဓာသန္နမာရမဏံ အတိပရိတ္တံ နာမ၊ တတ္ထ ဘဝင်္ဂစလနမေဝ ဟောတိ၊ နတ္ထိ ဝီထိစိတ္တုပ္ပါဒေါ။
ယာဝ ဝေါဋ္ဌပနုပ္ပါဒါ စ ပန ၊ပေ၊ အတိပရိတ္တံ နာမ ။ ။ စ ပန၌ ပိသဒ္ဒါသည် ပရိတ္တာရုံ အတွက် တစ်ပက္ခပြီး၍, အတိပရိတ္တာရုံပက္ခ အတွက် ထွန်းပြသော ပက္ခန္တရဇောတကနိပါတ်တည်း၊ စသဒ္ဒါကား ဆိုခဲ့ပြီးသော အနက်များကို ပေါင်းစည်း သော ဝုတ္တသမုစ္စည်းတည်း၊ "တဒါရုံ ဇောတို့ ဖြစ်သည့်တိုင်အောင် သာမက ဝုဋ္ဌော ဖြစ်သည့်တိုင်အောင် လည်း ဌီအခိုက်၌ တည်ခြင်းငှါ မစွမ်းနိုင်၊ " ဟူလို၊ အာရုံ, ဝတ္ထု, အာလောက ဟူသော အကြောင်းများသည် ပရိတ္တာရုံ တုန်းကလောက်မျှ အားမရှိ ပဲ အလွန် အားသေးရကား ချုပ်ခါနီးမှ ထင်လာသည့် အတွက် ထင်ပြီးသည်မှ စ၍ ရေတွက်လျှင် အလွန်နည်းပါးသော စိတ္တက္ခဏ အသက် ရှိသောကြောင့် ဤအာရုံကို "အတိပရိတ္တာရုံ= အလွန်နည်းသောအသက်ရှိသော အာရုံ" ဟု ခေါ်သည်။
===================
အတိပရိတ္တာရုံဝီထိ
စာ_ ၂၃၅
ဘဝင်္ဂစလန မေဝ ဟောတိ၊ နတ္ထိ ဝီထိစိတ္တုပ္ပါဒေါ ။ ။ ဤဝါကျ၌ "နတ္ထိ ဝီထိစိတ္တုပ္ပါဒေါ " ကား "ဘဝင်္ဂစလန မေဝ" ၌ ဧဝ အနက်၏ အကျိုးရ (ဧဝတ္တဖလ) ကို ပြသော စကားတည်း၊ "ဤ အတိပရိတ္တာရုံ ထင်လာသည့် အတွက် ဘဝင်လှူပ်ရုံသာ ဖြစ်တော့၏၊ " ဤ အတိပရိတ္တာရုံ ကို အာရုံပြုသော ဝီထိစိတ် ကား မဖြစ်နိုင်တော့ပြီ" ဟူလို၊ "ဘဝင်္ဂစလန မေဝ" အရ ဘဝင်လှူပ်လျှင် "ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ" နှင့်အညီ နှစ်ကြိမ်လှူပ်ရမည် ဖြစ်သောကြောင့် ဆိုင်ရာဒွါရ၌ မထင်မှီ စိတ္တက္ခဏ (၁၅) ချက် ခန့်ထက်လည်ူ ပို၍ မလွန်သင့်ဟု များစွာသော ဆကာတို့ ယူကြသည်၊ ထိုဆရာတို့ အလို အတီတဘဝင် (၁၀) ချက် လွန်သော ဝီထိ , (၁၁) ချက်, (၁၂) ချက် , (၁၃) ချက် , (၁၄) ချက်, (၁၅) ချက်လွန်သော ဝီထိ အားဖြင့် အတိပရိတ္တာရုံ ၆ ဝီထိ ရှိရပေမည် ဖြစ်၍ ထို ဆိုကြရိုးအတိုင်းပင် ဝီထိ ဆိုရိုး၌ ပြရပေမည်။ [ အချို့ကား "ဘဝင်္ဂစလန မေဝ"ဟု သာမန် ဆိုသောကြောင့် အာရုံ မချုပ်မချင်း ဘဝင်္ဂစလန ချည်း များစွာ ချကြသေး၏၊ အတီတဘဝင် (၁၀) ကြိမ် လွန်သော ဝီထိ၌ ဘဝင်္ဂစလန (၇) ကြိမ် ချရမည်_ ဟူလိုသတက်၊ ဘဝင်လှူပ်မှူသည် အာရုံမချုပ်မှူနှင့် မဆိုင်, အာရုံအသစ်ထင်လာသဖြင့် နှစ်ကြိမ်ခန့် လှူပ်ရခြင်း ဖြစ်သည်၊ လှူပ်ပြီးနောက် ဘဝင်မပြတ်လျှင် ယူမြဲဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံကိုပင် ဆက်လက်ယူသင့်၏၊ ထင်လာသော အာရုံသစ်က မချုပ်မချင်း ဘဝင်မှာ ထိခိုက်နေမည် မဟုတ်၊ ထို့ကြောင့် ဘဝင် (၇) ကြိမ် လှူပ်ရမည်ဆိုသော ဝါဒ၌ အထက်တန်းသာဓကလည်းမရှိ , ယုတ္တိလည်းမရချေ။
အတ္တနောမတိ ။ ။ "ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ" ဟူသော စကားသည် ဘဝင်ပြတ်၍ နောက်ထပ် ဝီထိစိတ် ဆက်မည့်အရာဝယ် အသုံးပြုအပ်သော စကားဖြစ်သည်၊ နောက်ထပ် ဝီထိစိတ် မဆက်လျှင် ဘဝင်တစ်ကြိမ်တည်းလည်း လှူပ်သည့်သည်သာ၊ အာရုံတို့မည်သည် ဝတ္ထုရုပ် အာလောက စသော ဆိုင်ရာ အကြောင်းတို့ ပြည့်စုံလျှင် မထင်အောင် တားဆီး လို့မရ, သဘာဝအလိုက် မုချ ထင်ရမည်သာ၊ ထင်သည့်အခါလည်း အာရုံ ဝတ္ထု အာလောက စသည်တို့၏ အင်အားအလိုက် စိတ္တက္ခဏ တစ်ချက်ခန့်, နှစ်ချက်ခန့် စသည်ဖြင့် အမျိုးမျိုး လွန်ပြီးမှ ထင်ကြပေမည်၊ သို့အတွက် "စိတ္တက္ခဏ ၁၆ ချက် အလွန် တွင် မထင်ရဘူး" ဟု မည်သူက တားဆီး နိုင်ပါအံ့နည်း၊ ၁၆ ချက်လွန်မှ ထင်လာလျှင် ဘဝင်တစ်ကြိမ်အလှူပ်တွင် ထို အာရုံ သက်တမ်းစေ့သဖြင့် ချုပ်ပေမည်သာ၊ ဤကဲ့သို့ သော အရာဝယ် "ဘဝင်နှစ်ကြိမ်လှူပ်မှသာ အာရုံထင်ရမည်, မလှူပ်သာလျှင်မထင်ရ" ဟု အဋ္ဌကထာ ဋီကာတို့၌ အမြွက်မျှ တားမြစ်ချက် မတွေ့ရ၊ ဤ သင်္ဂဟအဋ္ဌကထာလည်း "ဘဝင်္ဂစလန မေဝ ဟောတိ" ဟု သာမညပင် မိန့်ပေ၏၊ ထို့ကြောင့် "စိတ္တက္ခဏ ၁၆ ချက် အလွန်တွင် ထင်လာ၍ ဘဝင် တစ်ကြိမ်လှူပ်အပြီးတွင် ချုပ်ရသော သတ္တမအတိပရိတ္တာရုံကိုလည်း" အလို ရှိပါသည်။
================
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_၂၃၆
ဝုဋ္ဌော မဖြစ်လျှင် အာဝဇ္ဇန်း စသည်တို့ မဖြစ်ရ ။ ။ စိတ္တက္ခဏ ၁၅ ချက်တိုင်အောင် လွန်ပြီးမှ ထင်လာသော အာရုံ၌ အာဝဇ္ဇန်း စသည်တို့ မဖြစ်လောက်၍ မဖြစ်လျှင် ရှိပါစေတော့၊ စိတ္တက္ခဏ ၁၀ ချက်, ၁၁ ချက် ခန့် စသည် အလွန်တွင် ထင်လာသော အာရုံတွင် ဝုဋ္ဌော ၂ ကြိမ် မဖြစ်သာ၍ ဝုဋ္ဌော မဖြစ်လျှင် အာဝဇ္ဇန်း မှ စ၍ သန္တီရဏ တိုင်အောင်ကား ဖြစ်ထိုက်သေးသည် မဟုတ်ပါလော, သို့ပါလျက် အာဝဇ္ဇန်း စသည်တို့ မဖြစ်ဘဲ , ဘဝင်လှူပ်ရုံသာ ဖြစ်ရသနည်း ဟု မေး၊ အဖြေကား _ စိတ်တို့၏ နိယာမ ဓမ္မတာ ကို ဘုရားရှင် သာလျှင် ပိုင်နိုင်စွာ သိတော်မူသည်၊ ဘုရားရှင် အလိုတော်ကိုလည်း အဋ္ဌကထာ တို့၌ ထုတ်ဖော် လေ့ ရှိ၏၊ သို့အတွက် ဘဝင်ကို ပြန်လည်စေနိုင် (ပြတ်စေနိုင်) သော ပဉ္စဒွါရ ဝဇ္ဇန်း ဖြစ်လျှင် ဝုဋ္ဌော သို့ မရောက်ခင် စက္ခုဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ အခိုက်၌ တန့်ရပ်၍ စိတ်အစဉ် ပြန်နစ်ရိုး (ပြတ်စဲရိုး) မရှိ၊" ဟု အဋ္ဌသာလိနီ မိန့်သည့်အတိုင်းသာ မှတ်သင့်ပါသည်။
အဋ္ဌသာလိနီ ။ ။ ကြိယာ မနောဓာတုယာ ဘဝင်္ဂေ အာဝဋိတေ ဝေါဋ္ဌပနံ အပါပေတွာ အန္တရာ စက္ခုဝိညာဏေ. ဝါ သမ္ပဋိ စ္ဆနေ ဝါ သန္တီရဏေ. ဝါ ဌတွာ နိဝတ္တိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ ၊ _ ဝိပါကုဒ္ဓါရကထာ ။
××××××××
နိဂုံးဝါကျ
*********
ဣစ္စေဝံ စက္ခုဒွါရေ, တထာ သောတဒွါရာဒီသု စေတိ, သဗ္ဗထာပိ ပဉ္စဒွါရေ တဒါရမဏဇဝနဝေါဋ္ဌပနမောဃဝါရသင်္ခါတာနံ စတုန္နံ ဝါရာနံ ယထာက္ကမံ အာရမဏဘူတာ စတုဓာ ဝိသယပ္ပဝတ္တိ ဝေဒိတဗ္ဗာ။
ဣစ္စေဝံ စက္ခုဒွါရေ ၊ပေ၊ ဝေဒိတဗ္ဗာ။ ။ ဤစကားရပ်ကား နိဂုံး စကားတည်း၊ ထိုနိဂုံး၌ ပါဌ်လျောက် အဓိပ္ပါယ် ကို အခြေပြု၌ ပြခဲ့ပြီ။ ဤ သင်္ဂြိုဟ် ကျမ်း၌ နောက်ဆုံး ဝါရကိုသာ မောဃဝါရဟု ခေါ်သော်လည်း အဋ္ဌသာလိနီ ၌ ကား တဒါရုံ မှ ကင်းဆိတ်သောကြောင့် ဇဝနဝါရကိုလည်း မောဃဝါရ , ဇောမှ ကင်းဆိတ်သောကြောင့် ဝေါဋ္ဌပနဝါရကိုလည်း မောဃဝါရ ဟု ခေါ်သည်။
မောဃဝါရ၏ အာရုံ ။ ။ "စတုန္နံ ဝါရာနံ အာရမဏဘူတာ " အရ "တဒါရမဏဝါရ၏ အာရုံ " စသည် ဆိုရာ၌ တဒါရမဏဝါရ စသည်က ထို အာရုံကို အာရုံပြုသော ကြောင့် သင့်လျော်ပါ၏၊ "မောဃဝါရ၏ အာရုံ" ဟု ဆိုရာ၌ ကား မောဃဝါရက ထိုအာရုံကို အာရုံ မပြုသောကြောင့် မသင့်နိုင်သည် မဟုတ်ပါလော ဟု မေး၊ အဖြေကား_ "မောဃဝါရ၏ အာရုံ " ဟူရာ၌ "မောဃဝါရက အာရုံပြုအပ်သော အာရုံ " ဟု အဓိပ္ပါယ် မမှတ်သင့်၊ မောဃဝါရဖြစ်ဖို့ရန် ထင်လာသော အာရုံဖြစ်၍ "မောဃဝါရ၏+အာရုံ" ဟု ခေါ်သည်ဟု မှတ်ပါ။
====================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment